ရန်ကုန် ၃ ဇူလိုင် 

Mitsubishi Corporation က ပြုပြင်မွမ်းမံလှူဒါန်းသော ရွှေတိဂုံစေတီတော် အနောက်ဖက်စောင်းတန်း ပြည်ပဧည့်သည်များ နားနေဆောင် လှူဒါန်းလွှဲအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါ နားနေဆောင်၌ ကျင်းပသည်။

 

111

 

အခမ်းအနားတွင် Mitsubishi Corporationမှ General Manager Mr. Hidetoshi Mano က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ ဦးမိုးချစ်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

ထို့နောက် အလှည့်ကျသဘာပတိ ဦးမိုးချစ်က General Manager Mr. Hidetoshi Mano ထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကမ္ပည်းအား နံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ ပြုပြင်မွမ်းမံထားရှိမှုများကို ကြည့်ရှုကြသည်။

Mitsubishi Corporation အနေဖြင့် တစ်ထောင့်တစ်ကဏ္ဍမှ လူမှုအကျိုးပြု ဆောင်ရွက်မှုအဖြစ် ရွှေတိဂုံစေတီတော်ကြီးသို့ ၂၀၁၃ ခုနှစ်တွင် Audio Tour Guide Equipments (၄၀)၊ ၂၀၁၄ ခုနှစ်တွင် Single Cab Pickup မော်တော်ယာဉ် နှစ်စီး၊ ၂၀၁၆ ခုနှစ်တွင် တောင်ဘက်မုခ် ဓာတ်လှေကားအသစ် နှစ်စီး၊ ၂၀၁၈ ခုနှစ်တွင် အရှေ့ဘက်မုခ် ဓာတ်လှေကားအသစ် နှစ်စီးတို့ကို တပ်ဆင် လှူဒါန်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပထမအကြိမ်အနေဖြင့် အနောက်ဘက်မုခ် ပြည်ပဧည့်သည်များ နားနေဆောင် ပြုပြင် မွမ်းခံခြင်းကို အမေရိကန်ဒေါ်လာ ၄၀ဝ၀ဝ အကုန်အကျခံ ပြင်ဆင်မွမ်းမံလှူဒါန်းခဲ့သည်။ ယခု ၂၀၁၉ ခုနှစ် ဒုတိယအကြိမ် မွမ်းမံလှူဒါန်းမှုအဖြစ် အဆောက်အဦး ခေါင်မိုးအသစ် ပြန်လည်မိုးခြင်း၊ ရေဆင်းပိုက်နှင့် ရေတံလျှောက် အသစ်တပ်ဆင်ခြင်း၊ အမိုးစွန်းနံရံများ ဆေးသုတ်ခြင်း၊ ကြမ်းခင်းပါကေးအစားထိုး လဲလှယ်ခြင်း၊ ပေါလစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အတွင်း အပြင်နံရံများ ဆေးသုတ်ခြင်း၊ ဆလိုက်မီးလုံးများ၊ မီးခလုတ်ခုံများ အသစ်ပြန်လည်တပ်ဆင်ခြင်း၊ တရုတ်ကပ်မှန်များ လှဲလှယ်ခြင်း၊ အဆောက်အအုံ အပြင်ဘက် အုတ်ခုံများနှင့် ရေမြောင်းနံရံများ ပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကုန်ကျစရိတ်အနေဖြင့် အမေရိကန်ဒေါ်လာ ၄၅၀ဝ၀ ကျခံ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ရွှေတိဂုံစေတီတော်ကြီးသည် ကမ္ဘာတွင်ပါ ထင်ရှားကျော်ကြားသည့်အတွက်   ပြည်တွင်းဘုရားဖူးများသာမက ကမ္ဘာလှည့်ခရီးသွားများ၊ နိုင်ငံတကာမှ ဧည့်သည်တော်များ (တစ်ရက်လျှင် ၁၅၀ဝ ကျော်ခန့်) လာရောက်လေ့လာ ဖူးမြော်ကြည်ညိုကြကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။ 

သတင်း - ကိုကိုဇော်
ဓာတ်ပုံ - ဇော်မင်းလတ်