နေပြည်တော် ၂၈ ဇွန်
ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော် ကပ်လှူခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံ ဆွေးနွေးပွဲ (Workshop on Gold Gilding Technology for Shwedagon Pagoda, Myanmar) ကို အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ရန်ကုန်မြို့ ပြည်လမ်း အမျိုးသားပြတိုက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား သပ္ပါယ်စွာ အရှည်တည်တံ့ခိုင်မြဲစေရန်နှင့် စေတီတော်ကြီးတွင် ကပ်လှူထားသော ရွှေသင်္ကန်းတော်များဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးစီး၍ ပညာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းကာ ရွှေသင်္ကန်းတော် ကပ်လှူခြင်းဆိုင်ရာ နည်းပညာစာတမ်းများ တင်သွင်းနိုင်ရန်နှင့် ပညာရှင်များကိုယ်တိုင် ဝင်ရောက်ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ရွှေသင်္ကန်းတော် ကပ်လှူခြင်းဆိုင်ရာ နည်းပညာနယ်ပယ်များအနေဖြင့် ရွှေလွှာတင်ခြင်းနည်းပညာ၊ လျှပ်စစ်သုံးရွှေလွှာတင်ခြင်းနည်းပညာ၊ ရွှေစင်ပြားနှင့် မျက်ပါးရွှေကပ်ခြင်းနည်းပညာ၊ ရွှေစင်ပြားနှင့် မျက်ပါးရွှေထုတ်လုပ်ခြင်း နည်းပညာနှင့် ရွှေပြားကပ်သည့်နေရာ၌ အသုံးပြုသောပစ္စည်းများအပေါ်တွင် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှုတို့ဖြစ်ပြီး ပညာရှင်များနှင့် စာတမ်းရှင်များကို ဖိတ်ခေါ်ထားကြောင်း Email: [email protected] နှင့် wggtshwedagon@ gmail.com ၊ Website: www.ytu.edu.mm/WGGT2019 ၊ Facebook Page : www.facebook.com/WGGT2019 နှင့် ဖုန်း ဝ၁-၉၆၆၃၂၉၁ ၊ ဝ၉-၈၇၉၄၄၇၀ဝ၇ တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
မောင်လူမော်


