နေပြည်တော်၊ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (လမ်း/တံတား) က တာဝန်ယူ တည်ဆောက်မည့် ရွှေတိဂုံစေတီတော် (အနောက်ဘက်မုခ်နှင့် ပြည်သူ့ ရင်ပြင်ပန်းခြံကြား) မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အဆောက်အဦ ရတနာ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရ လမ်း၌ပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် တိပိဋက သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ စေတိယင်္ဂဏ ပဝရ သီရိမဟာ ဓမ္မာဂုရု သ. စ . အ ဓမ္မာစရိယ (ဝဋံ သကာ) ပါဠိပါရဂူ၊ လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါ ဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာ ဘဒ္ဒန္တ အဂ္ဂသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာ တော်များထံမှ ပရိတ်တရားတော်များ နာယူကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ဆရာတော်ကြီးများက ရတနာပန္နက်တော်နှင့်ရွှေလက်ရိုက်တော်တို့ကို ပရိတ်နံ့သာရည်များ ပက်ဖျန်း၍ သိဒ္ဓိမင်္ဂလာ ဆင်ယင်ချီးမြှင့်တော်မူကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရတနာပန္နက်တော်အား စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
အဆိုပါ မြေအောက်လမ်းကူးဥမင် (Underpass) အဆောက်အဦ တည်ဆောက်ရာတွင် ဥမင်လူသွား လမ်းအကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက်ပေါက်လေးခု၊ ရွေ့လျားစက်လှေကား လေးစင်း၊ မသန်စွမ်းသူများ အသုံးပြုရန် ၁၀ ဦးစီး စက်လှေကားနှစ်စင်းတို့ဖြင့် တည်ဆောက်သွား မည်ဖြစ်ပြီး ဥမင်တည်ဆောက်ပြီးစီးပါက တစ်နာရီလျှင် လူဦးရေ ၁၄၀၀၀ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကာ တည်ဆောက်ကာလမှာ ၁၄ လခန့် ကြာမြင့် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်