ရန်ကုန် နို၀င်ဘာ ၇

 

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဒါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က (၅၈၃)ကြိမ်မြောက် ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ(၁) နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

 

ဦးစွာ အလှူရှင်များက အလှူတော်ငွေများပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးညွှန့်သင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၀င်များက လက်ခံရယူပြီး ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် မြသိန်းတန်ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ  မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇာဂရထံမှ အခမ်းအနားသို့ တက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကြသည်။

 

ယနေ့ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော် ရွှေပြားအလှူ ရှင်(၂၆ )ဦးက ရွှေပြား (၃၄)ချပ် လှူဒါန်းခဲ့ပြီးငွေသား အလှူရှင် (၈၉)ဦး အပါအ၀င် လှူဒါန်းငွေစုစုပေါင်း (၁၇၃၇၃၇၃၄၇၂) ကျပ် သိန်းပေါင်း တစ်သောင်းခုနစ်ထောင် သုံးရာ ခုနှစ်ဆယ့် သုံးသိန်း ခုနစ်သောင်း သုံးထောင်လေးရာ ခုနစ်ဆယ့်နှစ်တိတိ ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)