ရန်ကုန်   နို၀င်ဘာ  ၁၇     

 

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ နောင်တော်ကြီးစေတီ ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော် တနင်္ဂနွေထောင့်အရပ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တိလောကာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ပရိတ်တရားတော်များနာယူကြပြီး သြဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်၀တ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးများ ချီးမြှင့်သည့် သြဝါဒကထာကို နာယူကြသည်။

 

ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့၀င် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ ဒွိပိဋကဓရ၊ ဝိနယဒီဃနိကာယ ပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

          

အခမ်းအနားအပြီးတွင် သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များသည် နောင်တော်ကြီးစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ငြမ်း စေတီ စတင်ရန်အတွက် ဝါး၊ ကြိုးများကို ပရိတ်ရေဖြင့် ပက်ဖျန်း ပေးခဲ့ကြောင်း သတင်းရရှိသည်။

(ကိုကိုဇော်-mna)