ရန်ကုန်၊ နိုဝင်ဘာ ၁၃

 

ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ နောင်တော်ကြီးစေတီတော် လုံးတော်ပြည့် ရွှေ သင်္ကန်း ကပ်လှူပူဇော်ရေး ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်များ တန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များနှင့် ဂေါပကရုံးဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နောင်တော်ကြီးစေတီ ရွှေသင်္ကန်းတော်ကပ်လှူ ပူဇော်ခြင်းနှင့်စပ်လျဉ်း၍ ဩဝါဒခံယူခြင်းစာတမ်းကို ဖတ်ကြားလျှောက်ထားသည်။

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများက ဩဝါဒကထာများ မိန့်ကြားတော်မူကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိဓဇ ဒွိပိဋကဓရ၊ ပါဠိပါရဂူ ဘဒ္ဒန္တနာဂိတ ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး ဆရာတော်ကြီးများကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ဩဝါဒခံယူပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဂေါပကအဖွဲ့ဝင်များနှင့်အတူ ရွှေတိဂုံစေတီတော်၏ နောင်တော်ကြီးစေတီတော် မျက်ပါးရွှေသင်္ကန်းတော် ကပ်လှူမည့် အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

mdn

 

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ နောင်တော်ကြီးစေတီတော်နှင့် အရံစေတီများအား လုံးတော်ပြည့် ရွှေသင်္ကန်း ပြန်လည်ဆက်ကပ်မည်ဖြစ်ပြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလှူရှင်များအနေဖြင့် မိမိတို့၏ကုသိုလ်များ ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ပါကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့က နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်