ရန်ကုန် စက်တင်ဘာ ၉
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် တော်သလင်းလပြည့်နေ့ အာရုံဆွမ်းတော်ကြီး လှူဒါန်းပွဲနှင့် ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ယနေ့ နံနက်(၆)နာရီတွင် စေတီတော် ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ရွှေတိဂုံစေတီတော် ဘာသာရေးဝတ် အသင်းအဖွဲ့များက စေတီတော်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော် ကြသည်။
ထို့နောက် တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက"နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခြင်း၊ " စိန်ရောင်ခြည် " ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ ကုသိုလ်တော် အတူပြုရန် နတ်ဗြဟ္မာများကိုဖိတ်ကြားခြင်း၊ "မြတ်ဘုရား ရွှေတိဂုံ"ဂါထာတော်ဖြင့် စေတီတော်မြတ်ကြီးကို ရှီခိုးပူဇော်ခြင်း၊ ပရိတ်သတ်အပေါင်းတို့က နဝင်္ဂသီလခံယူဆောက်တည်ခြင်း၊ ဘုရား၊ တရာ၊ သံယာဂုဏ််တော်များ ရွတ်ပွားပူဇော်ခြင်းနှင့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃဝန္ဒနာရှီခိုးခြင်း၊ ဂရုဓမ္မအခါတော်နေ့ဆိုင်ရာ အမေးအဖြေများ ပြုလုပ်ခြင်း၊ ဂရုဓမ္မ ငါးပါးသီလအကျိုးအပြစ်လင်္ကာများ ရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင် အမျှဝေသာဓုခေါ်ဆိုခြင်း၊ ကုသိုလ်တော်အတူပြုရန် ပင့်ဖိတ်ထားသော နတ်ဗြဟ္မာများကို ပြန်လည် ပို့ဆောင်ခြင်း၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခြင်းတို့ ပြလုပ်ဆောင်ရွက် ကြသည်။
ယင်းနောက် ဝါတွင်းကာလ သီလခံယူပွဲကို ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဘဒ္ဒန္တဇာဂရ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိ မြသိန်းတန်ကျောင်းတိုက်ဆရာတော်ထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများက ပါဝင်ကုသိုလ် ပြုကြသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ စေတီတော် အာရုံခံတန်ဆောင်းပေါ်ထပ်တွင် ဂုရုဓမ္မအခါတော်နေ့အခမ်းအနားကို ကျင်းပရာဂေါပကအဖွဲ့ဝင်များ၊ ဝတ်အဖွဲ့များနှင့် ဧည်ပရိတ်သတ်များက စေတီတော်ဩဝါဒါစရိယအဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကောသလ္လထံမှ ဂရုဓမ္မသီလ ဖြစ်သော ကိုးပါးသီလကို ခံယူဆောက်တည်ကြကာ၊ ဆရာတော်အား ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်များက ဆရာတော်ဟောကြားတော်မူ အပ်သော ဂရုဓမ္မတရားတော်နှင့် ရေစက်ချအနုမောဓနာတရားများကို နာကြားကာ ပြုပြုသမျှ ကုသိုလ်အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
မွန်းလွဲပိုင်းတွင် ဂရုဓမ္မအခါတော်နေ့(ဒုတိယပိုင်း) အစီအစဉ်ကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဝတ်အဖွဲ့ဝင်များသည်ဂရုဓမ္မအခါတော်နေ့ ဓမ္မပူဇာ မင်္ဂလာအစီအစဉ်ကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်သည်။
မြတ်စွာဘုရားနှင့် အဂ္ဂသာဝကကြီး နှစ်ဆူဖြစ်တောမူသော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် အရှင်မြတ်ကြီးနှစ်ပါးတို့အား ပင့်လျှောက်ကာ ကမ္ဘာအေးဘုရားရှီခိုးဖြင့် ပူဖော်ကန်တော့ကြပြီး ဂရုဓမ္မသီလ ဖြစ်သော ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးလှထွန်းက ဂရုဓမ္မအခါတော်နေ့ ကျင်းပရခြင်းအကြောင်း မင်္ဂလာထောပနာစကားပြောကြားကာ ဂရုဓမ္မဇာတ် ပါဋ္ဌိတော်နှင့် မဟာဓမ္မပါလဇာတ်ပါဋ္ဌိတော်တို့ကို စုပေါင်း ရွတ်ဆိုကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
(ကိုကိုဇော်-သတင်းစဉ်)