ရန်ကုန် ဖေဖော်ဝါရီ ၁၁

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲကို ယနေ့ ညနေပိုင်းတွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာဇာနည်လမ်းရှိ ထန်းပင်ကုန်း၌ ကျင်းပ သည်။

 

ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ထမနဲလှူဒါန်း ပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ အလှည့်ကျသဘာပတိ ဦးလှမြင့်နှင့် ဂေါပကအဖွဲ့၀င်များက ရွှေကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပြိုင်ပွဲ၀င်အသင်းပေါင်း (၃၂)သင်း၏ ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ပြိုင်ပွဲအပြီးတွင် ဂေါပကအဖွဲ့ဝင်များက ထမနဲထိုးပြိုင်ပွဲ ပထမဆုရအသင်းအား ငွေကျပ် ဆယ်သိန်း၊ ဒုတိယဆုရ အသင်းအား ငွေကျပ် ခုနစ်သိန်း၊ တတိယဆုရအသင်းအား ငွေကျပ် ခြောက်သိန်း၊ စတုတ္ထ အသင်းအား ငွေကျပ် ငါးသိန်း၊ ပဉ္စမအသင်းအား ငွေကျပ် လေးသိန်း၊ နှစ်သိမ့်ဆုနှစ်ဆုအတွက် ငွေကျပ် သုံးသိန်းစီနှင့် ဆုကလပ်များကို ပေးအပ်ချီးမြှင့်သည်။

 

ပြိုင်ပွဲဝင် အသင်းများ၏ ထမနဲများကို သံဃာတော်များအား ထမနဲဆွမ်းတော်ကြီး လောင်းလှူသွား မည်ဖြစ်သည့်အပြင် အများပြည်သူကို ကုသိုလ်ပြု ဝေငှသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)