ရန်ကုန် ဩဂုတ် ၂၉
ထိုင်းနိုင်ငံ၌ သြဂုတ် ၂၇ ရက်က ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒိုချန်ပီယံရှစ် (Buriram Taekwondo International Championship 2022) ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု တိုက်ကွမ်ဒိုအဖွဲ့ချုပ် ကလပ်အသင်းများမှ အားကစားသမားများသည် ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် လေးခုနှင့် အကောင်းဆုံးအသင်းဆု ဆွတ်ခူးရရှိခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒိုချန်ပီယံရှစ် (Buriram Taekwondo International Championship 2022) ဖိတ်ခေါ်ပြိုင်တွင် အတိုက်နှင့် ကကွက်ပြိုင်ပွဲများအား သက်တန်းအလိုက်ခွဲခြား၍ အသက်(၅)နှစ်မှ အသက်(၇၀)ကျော်အထိ ထည့်သွင်းကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Golden River ကလပ်အသင်းမှ အသက်(၄၀)အောက်၊ အမျိုးသမီး အတိုက်ပြိုင်ပွဲ၌ နီလာထွန်းက ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အောင်ဆန်းတိုက်ကွမ်ဒို ကလပ်အသင်းမှ အသက် (၁၇)နှစ်အောက် အမျိုးသားအတိုက်ပြိုင်ပွဲ၌ မင်းသန့်က ငွေတံဆိပ်ဆုနှင့် ကကွက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့ကြသည်။
ထို့အတူ အသက်(၁၄)နှစ်အောက် အမျိုးသားအတိုက်ပြိုင်ပွဲတွင် ဟိန်းမင်းသန့်က ရွှေတံဆိပ်ဆုနှင့် ကကွက်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ အသက်(၁၂)နှစ်အောက် အမျိုးသမီးအတိုက်ပြိုင်ပွဲတွင် ကြယ်စင်သန့်က ရွှေတံဆိပ်ဆုနှင့် ကကွက်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ အသက်(၁၀)နှစ်အောက် အမျိုးသမီးအတိုက်ပြိုင်ပွဲတွင် လမင်းသန့်က ရွှေတံဆိပ်ဆုနှင့် ကကွက်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု အသီးသီးဆွတ်ခူးရရှိခဲ့သည်။ ၎င်းအပြင် အကောင်းဆုံးအသင်းဆုကိုလည်း မြန်မာကိုယ်စားပြုအသင်းက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒိုချန်ပီယံရှစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု (အောင်ဆန်း) တိုက်ကွမ်ဒိုကလပ်အသင်းနှင့် Golden River ကလပ်အသင်းတို့မှ အုပ်ချုပ်၊ နည်းပြ၊ ဒိုင်လူကြီး၊ ကစားသမား စုစုပေါင်း ရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းဖိတ်ခေါ်ပြိုင်ပွဲတွင် နိုင်ငံ ၁၄ နိုင်ငံမှ အသင်းပေါင်း ၃၅ သင်း၊ ပြိုင်ပွဲဝင်ကစားသမား ၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဗလစိုး