နေပြည်တော်  ၇  ဇူလိုင် 

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ် အတွင်းရှိကလေးမိဘများ၊ ကလေးသူငယ် ပြုစုစောင့်ရှောက်သူများကို ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးတို့နှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး က ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်ကလေးသူငယ်ကာကွယ်စောက်ရှောက်ရေးလုပ်ငန်းများကိုတစ်ပြိုင်တည်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကလေးများ၏မိဘများ၊ မိသားစုဝင် များ၊ ကလေးများကို ပြုစုပျိုးထောင်ကာကွယ်စောင့်ရှောက်ပေးနေသူ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတို့က သိရှိပူးပေါင်း အကောင်ထည်ဖော်ကြရန်လိုအပ်သည့်အတွက် ဖိတ်ကြားတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကလေးသူငယ်အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်ချမှတ်ထားသော ကုလသမဂ္ဂကွန်ဗင်းရှင်းပါ အချက်အလက်များကို အားလုံး သိရှိနားလည်သဘောပေါက်ထားရန် လိုအပ်ပါကြောင်း။

 

ဝန်ကြီးဌာနက ရှေးဦးအရွယ်ကလေး သူငယ် ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကဦးဆောင်၍ ဖွဲ့စည်းထားသော ကော်မတီအဆင့်ဆင့် အနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်များ၏ ကဏ္ဍကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးများ၏အသက်(၈)နှစ်အထိကို ရှေးဦးအရွယ် ကလေးသူငယ်ကာလဟု သတ်မှတ်ထားပြီး ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းကမွေးဖွားသောကလေး (၂) နှစ်အထိငွေကြေးထောက်ပံ့ခြင်းနှင့်အတူ အာဟာရပညာပေး၊ တကိုယ်ရည်သန့်ရှင်းရေးနှင့် မိသားစုစီမံကိန်းပညာပေးလုပ်ငန်းစီမံချက်ကို ကယားပြည်နယ်တွင် ထည့်သွင်းအကောင်ထည် ဖော်လျက်ရှိကြောင်း ထိုစီမံချက်သည် ကလေးတစ်ဦး၏ ဘဝအစရက်ပေါင်း (၁၀ဝ၀) ကာလ အတွင်း ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံး ဖြစ်အောင် ဖန်းတီးပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် (၃) နှစ်အရွယ်အထိနေ့ကလေးထိန်းကဏ္ဍကို မိခင်ဝိုင်းတည်ထောင်ပေးခြင်းဖြင့်လည်းကောင်း၊ (၅) နှစ်အရွယ်အထိအစိုးရမူကြို၊ ကိုယ်ထူကိုယ် ထမူကြို၊ ပုဂ္ဂလိကမူကြိုများဖွင့်လှစ်ခြင်းဖြင့် ကလေး သူငယ်များကို ပြုစုပျိုးထောင်ကာကွယ်စောင့် ရှောက်ပေးလျက်ရှိကြောင်း၊ တာဝန်ယူအကောင် အထည်ဖော်ကြသူများအနေဖြင့် လုပ်ငန်းအဆင့် အဆင့်တွင်စနစ်တကျကြီးကြပ်ကြရန်လိုအပ် ကြောင်း၊ တာဝန်များကိုတာဝန်ယူဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ လိုအပ်ချက်များရှိပါက ဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသော Hotline ဖုန်းနံပါတ် ဝ၆၇- ၃၄၀၄၂၂၂၊ ဝ၆၇-၃၄၀၄၉၉၉ တို့သို့ ဆက်သွယ်၍ မေးမြန်းဆွေးနွေးနိုင်ပါ ကြောင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသူများက ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ၊ ပုဂ္ဂလိက မူကြိုကျောင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရာတွင် လိုအပ်ချက်များ၊ အစိုးရကပံ့ပိုးကူညီစေလိုသည့် အချက်များ၊ ကလေးများကိုလိင်အကြမ်းဖက်မှုမှ ကာကွယ်ရန်နည်းလမ်းများနှင့် အရေးယူမှုဆိုင်ရာ များကိုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)