ရေဦး ၁၇ မေ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင်းရှိ သောက်ရေသန့်စက်ရုံများတွင် လုပ်ငန်းဆိုင်ရာ မှတ်ပုံတင်များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် သန့်ရှင်းမှု ရှိမရှိ ရှောင်တခင်စစ်ဆေးခြင်းကို မေ ၁၅ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေသန့်စက်ရုံများ စစ်ဆေးရာတွင် ရွှေဘိုခရိုင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှုးဦးကျော်ငွေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဖိုးကျော်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဒုကြီးကြပ်ရေးမှူး ဦးအောင်ညွန့်၊ မြို့မရဲတပ်ဖွဲ့စခန်း နယ်ထိန်းခေါင်းဆောင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စားသုံးသူရေးရာ ကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မကျီးတောကျေးရွာ " ဘုန်းပြည့် " သောက်ရေသန့်စက်ရုံသို့ ရှောင်တခင် ဝင်ရောက်ကာ ရေသန့်စက်ရုံအင်္ဂါရပ်နှင့် ညီညွတ်မှုရှိမရှိ/ စည်ပင်လုပ်ငန်းလိုင်စင်ရှိမရှိ/ အစားအသောက် ကုန်ထုတ်လုပ်ခွင့်လက်မှတ်ရှိမရှိ/ စက်မှုလုပ်ငန်းမှတ်ပုံတင် ရှိမရှိ နှင့်ရေသန့်ဘူးတွင်း ရေညှိပါဝင်မှုရှိမရှိ/ ရေသန့်ဘူးကြမ်း စနစ်တကျဆေးကြောသန့်ရှင်းရေးပြုလုပ်နေမှု/ ဝန်ထမ်းများ၏ ကျန်းမာရေးဆေးစစ်ထားရှိမှု ရှိမရှိ/ ရေသန့်ဘူးထုပ်ပိုးမှုစနစ်/ ဈေးကွက်သို့ ရောင်းချနေသည့် ရေသန့်ဘူးအမျိုးအစားများကို စစ်ဆေးခဲ့ရာ စက်ရုံ၌ လုပ်ငန်းမှတ်ပုံတင် ချိတ်ဆွဲထားခြင်းမရှိသည့်အပြင် လုပ်ငန်းလိုင်စင်မှတ်ပုံတင်များ တစ်စုံတရာမှတင်ပြနိုင်ခြင်းမရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် ရေသန့်စက်ရုံမန်နေဂျာအား စစ်ဆေးပေါ်ပေါက်ချက်များကို လုပ်ငန်းရှင်ထံ ဆက်လက်အသိပေးပေးရန် မှာကြားခဲ့သည်။
ဆက်လက်၍ အောင်ဆန်းတိုးချဲ့ကွက်သစ် " တဝ " သောက်ရေသန့်စက်ရုံ/ ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ " ကဲကဲ " သောက်ရေသန့်စက်ရုံတို့ကို လည်းကောင်း စစ်ဆေးခဲ့ရာ လုပ်ငန်းလိုင်စင်များအပြည့်အစုံပြုလုပ်ထားကြောင်း တွေ့ရသည်။
ဆက်လက်ပြီး ရေဦးမြို့နယ် ပုဏ္ဍကားကျေးရွာ " ကောင်းပြည့်ဗိုလ်" သောက်ရေသန့်စက်ရုံ ရေသန့်စမ်းသပ်ထုတ်လုပ်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းရှင်အား လိုအပ်သောလုပ်ငန်း မှတ်ပုံတင်များ ပြုလုပ်ထားရန် ညွှန်ကြားခဲ့ကြောင်း၊ ထို့ပြင် စားသုံးသူရေးရာဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များကိုပါ အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထိုက် (ရေဦး)