နေပြည်တော် ၁၁ ဇွန်

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့် Radio Frequency Identification(RFID)စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ စနစ် အကောင်အထည်ဖော်ရေးအတွက် လမ်းဘေးမြေများ အသုံးချခွင့်နှင့် လျှပ်စစ်မီးရရှိရေး၊ Infrastructure များ တည်ဆောက်ရေး၊ လုံခြုံရေး၊ အခြား Transport Facilities များနှင့် ချိတ်ဆက်ဆောင်ရွက်ရေး ကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါ အစည်းအဝေးသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့်  နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင်  ဒုတိယဝန်ကြီး ဦးကျော်မျိုးက RFID စနစ် အကောင်အထည်ဖော်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ Consulting Agency ငှားရမ်းရေးစိစစ်ရွေးချယ် ဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးက RFID စနစ်အကောင် အထည်ဖော်ရေး Conceptual Plan  ပါကိစ္စရပ်များ၊ Consulting Agency နှင့် Contract Agreement ချုပ်ဆိုပြီး feasibility Study ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ ဝန်ကြီးဌာနများနှင့် နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းရပ်များ၊ RFID စနစ်အတွက် ပြည်တွင်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ ရေးကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ 

 

ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

ယာဉ်စီးရေတိုးတက်မှုကြောင့်  ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းနိုင်ရန်၊ ယာဉ်များကို စစ်ဆေးကြပ်မတ်နိုင်ရန်၊ ဥပဒေကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မော်တော်ယာဉ်များအား အလွယ်တကူ စိစစ်ဖော်ထုတ်ဖမ်းဆီးနိုင်ရန်နှင့် တရားမဝင် မှတ်ပုံတင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေးထိန်းချုပ်နိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် RFID စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ တရားဝင်မှတ်ပုံတင်ထားသော မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အားလုံးကို  သတ်မှတ်ကာလအတွင်း RFID Sticker (သို့မဟုတ်) RFID Tag များ တပ်ဆင်ပေးခြင်းဖြင့် မှတ်ပုံတင်မဲ့(Without) ယာဉ်များ၊ ဆိုင်ကယ်များကို အလွယ်တကူ စစ်ဆေးထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

Conceptual Plan  အရ ပြည်ထောင်စုလမ်းမကြီးများ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့တော်ကြီးများရှိ  မြို့တွင်းအဓိကလမ်းဆုံများ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၏ အချက်အချာကျသော နေရာများတွင် RFID Reader and Antenna များကို တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်သွားမည်ဖြစ်ပြီး Main Data Center နှင့် Control Center များကိုလည်း တစ်ပြိုင်တည်း တည်ဆောက်သွားမည်ဖြစ်သည်။

 

RFID စနစ်အကောင်အထည်ဖော်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်းအတွက် တင်ဒါ အောင်မြင်ထားသည့် Moon Engineering Joint Venture Co;Ltd နှင့် Contract စာချုပ်ကို လာမည့် ဇူလိုင်လ ပထမပတ်အတွင်း နှစ်ဖက်လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး Feasibility Study ဆောင်ရွက်ခြင်း၊ တင်ဒါခေါ်ယူခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)