ရိခေါ်ဒါရ်  ၂၈ သြဂုတ်     

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီ၏ ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရိခေါ်ဒါရ်မြို့ အဝင်အထွက်နေရာများ၌ လူဝင်ထွက်သွားလာမှု ပူးပေါင်းစစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်းများ ကောက်ယူစစ်ဆေးခြင်းကို သြဂုတ် ၂၈ ရက်မှစ၍ ပြန်လည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီသည် ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၇ ရက် နံနက် ၁၀ နာရီတွင် ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ရပ်ကွက်အတွင်း လှည့်လည်အသိပညာပေး ကြော်ငြာခြင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်လာမှုမရှိစေရေး စောင့်ကြည့်စစ်ဆေးခြင်းနှင့် တရားဝင် လမ်းကြောင်းဖြင့် ဝင်ရောက် လာမည့်သူများရှိပါက စနစ်တကျ လက်ခံဆောင်ရွက်ရေး၊ မြို့အဝင်အထွက် နေရာများ၌ လူဝင်ထွက်သွားလာမှုအား ကျန်းမာရေးအခြေအနေစစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်းများ ကောက်ယူစစ်ဆေးခြင်းများကို မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းပြီး သြဂုတ် ၂၈ ရက်မှ ပြန်လည်ဆောင်ရွက်သွားရန် စီစဉ် ထားရှိကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)