ရိခေါ်ဒါရ် ၂  ဒီဇင်ဘာ    

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးဌာနတာဝန်ခံ ဦးနိုင်းခေါဂေနှင့် မြို့စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးရန်းကမ်တို့ ဦးဆောင်မှုဖြင့် ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက် လမ်းပြမြေပုံဆိုင်းဘုတ် ခြောက်ခုစိုက်ထူခြင်းကို ဒီဇင်ဘာ ၁ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရပ်ကွက်လမ်းပြမြေပုံ စိုက်ထူဆောင်ရွက်မှုနှင့် ပတ်သက်၍ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးဌာနတာဝန်ခံ ဦးနိုင်းခေါဂေက ပြောကြားရာတွင် ရပ်ကွက်ပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် ရိခေါ်ဒါရ်မြို့ ရပ်ကွက်အတွင်း လမ်းမကြီးနှင့် အိမ်ကြားလမ်းများ၊  ရိဒ်ရေကန်သွားလမ်း စသည့် အထင်ကရနေရာ သွားလမ်းကို အလွယ်တကူ သိရှိနိုင်ရေးအတွက် ရည်ရွယ်ပြီး လမ်းပြမြေပုံဆိုင်းဘုတ်အား စိုက်ထူထားခြင်းဖြစ်ကြောင်း၊ ရိခေါ်ဒါရ်မြို့မှာ ရပ်ကွက်နှစ်ခုတွင်း လမ်းအမည်ပေးထားသည့် (၃၈)လမ်း ရှိကြောင်း၊ အဆိုပါလမ်းများအား ပြည်သူများ အလွယ်တကူ သိရှိနိုင်ရေးအတွက် ရောင်စုံကာလာဖြင့် ဆိုင်းဘုတ်၌ ဖော်ပြပေးထားသည်။

 

အဆိုပါ ရပ်ကွက်လမ်းပြမြေပုံ ဆိုင်းဘုတ်များအား အကျယ်(၈)ပေ၊ အနံ (၅)ပေဖြင့် ပြုလုပ်ထားပြီး ကွန်ကရစ် အုတ်ခုံစီထားကာ Hollow သံပိုက်တိုင်များဖြင့် စနစ်တကျ စိုက်ထူထားခြင်းဖြစ်ကြောင်း၊ ထိုဆိုင်းဘုတ်များကို အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ လမ်းဆုံနေရာများ၌ စိုက်ထူထားခြင်း ဖြစ်ကြောင်း၊ ဆိုင်းဘုတ်စိုက်ထူခြင်း လုပ်ငန်းကို မြို့စည်ပင်သာယာရေးဌာနနှင့် မြို့စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)