ရိခေါ်ဒါရ် ၁၁ စက်တင်ဘာ
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး ဒေသ အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရေးအတွက် အလှူရှင်များဖြစ်သည့် ဦးစိုင်းစဝ်ဆွေနှင့် ဦးအောင်နိုင်တို့မှ မျက်နှာအကာ Face Shield နှင့် Mask များကို စက်တင်ဘာ ၁၁ ရက်က မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားတွင် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ရိခေါ်ဒါရ်မြို့ ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ထားရှိမှု၊ ဌာနဆိုင်ရာများနှင့် Volunteer အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ လိုအပ်မှုအခြေအနေများကို ဆွေးနွေးပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာစန်းမာတို့က Face Shield နှင့် Mask များလှူဒါန်းပေးမှုအပေါ် ကျေးဇူးတင် စကားပြောကြားသည်။
ထို့နောက် အလှူရှင်များဖြစ်သည့် ဦးစိုင်းစဝ်ဆွေနှင့် ဦးအောင်နိုင်တို့မှ မျက်နှာအကာ Face Shield ၂၀ဝ ခု နှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၁၅၀ဝ ခုတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဥက္ကဌ (မြို့အုပ်ချုပ် ရေးမှူး) ဦးကျင်လမ်းခိုင်၊ ကော်မတီ အတွင်းရေးမှူး (တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်) ဒေါက်တာ စန်းမာနှင့် ကော်မတီအဖွဲ့ဝင် (စည်ပင်ဌာနတာဝန်ခံ) ဦးနိုင်းခေါဂေတို့က လက်ခံပေးသည်။
ရိခေါ်ဒါရ်မြို့သည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် နိုင်ငံတကာဝင်ထွက်ပေါက်ရှိသည့် နေရာတစ်ခု ဖြစ်သည်နှင့်အညီ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် ပြင်ပနိုင်ငံများမှ တရားမဝင် ခိုးဝင်လာမှု မရှိစေရေးအတွက် နယ်စပ်နယ်နိမိတ် တစ်လျှောက်၌ လုံခြုံရေး စောင့်ကြည့်ထားရှိခြင်း၊ မြို့အဝင်အထွက် နေရာများ၌ လူဝင်ထွက်သွားလာမှုအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင် မှတ်တမ်းရယူခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ပြည်သူများ သိရှိလိုက်နာရမည့် အချက်များနှင့် ကျန်းမာရေးဆိုင်ရာထုတ်ပြန်ချက်များအား ရပ်ကွက်အတွင်း လှည့်လည်ဆော်သြ အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)


