ရိခေါ်ဒါရ် ၁၈ စက်တင်ဘာ

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီ၏ စီစဉ်ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ပြင်ပသို့သွားလာသူများအား ပါးစပ်နှင့် နှာခေါင်းစည်း Masks များ တပ်ဆင်ထားရှိမှု ရှိမရှိစစ်ဆေးခြင်း၊ Masks Campaign နှင့် Masks များ အခမဲ့ဖြန့်ဝေခြင်းကို စက်တင်ဘာ ၁၇ ရက်က ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၌ ဆောင်ရွက်သည်။

 

အဆိုပါ Mask Campaign လုပ်ငန်းကို ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ လူစည်ကားရာ ဗိုလ်ချုပ်လမ်းနှင့် ကုန်သွယ်လမ်းဆုံ၌ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါနေရာ၌ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် လမ်းလျှောက်ပြီး နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်းမရှိသူများအား နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊

 

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်နေပြည်သူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ထွက်ခွာသွားလာခြင်းမပြုကြပဲ မိမိတို့နေအိမ်အတွင်း၌သာ နေကြပါရန်နှင့် မဖြစ်မနေ ပြင်ပသို့သွားလာရန်လိုအပ်ပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ လူထူထပ်သောနေရာသို့ သွားရောက်ခြင်းများကို ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဆိုင်ရာထုတ်ပြန်ချက်များ၊ အသိပေး ကြေညာချက်များအား အလေးထားလိုက်နာ ဆောင်ရွက်ကြပါရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ Mask Campaign ဆောင်ရွက်မှုကို ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၏ စီစဉ်ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့များပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး အဆိုပါ လုပ်ငန်းဆောင်ရွက်မှုတွင် စေတနာအလှူရှင်များမှ လှူဒါန်းပေးသည့် နှာခေါင်းစည်း ၂၀၀၀  ကို ပညာပေးသည့်အနေဖြင့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်အတွင်း နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်းမရှိဘဲ သွားလာသူများအား  စစ်ဆေးအရေးယူခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လာလ်ပက်လောမ် (ပက်ကာ)

 

mdn