ရန်ကုန် စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ် ရိုးမရိပ်သာ ကိုဗစ်-၁၉ ကုသရေးစင်တာသို့ သွားရောက်၍ ပြန်လည်ပြင်ဆင်ထားရှိနိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံမှာကြားခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်အား တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု၊ ဆက်လက်ထိုးနှံနေမှုများ၊ ပြည်ပနိုင်ငံများမှ Relief Flight နှင့် ပင်လယ်ရေကြောင်းများဖြင့် ဝင်ရောက်လာသူများကို စင်တာတွင် သတ်မှတ်ရက်အတိုင်း Quarantine ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ လက်ရှိရောဂါပိုးတွေ့ရှိမှု များပြားလာခြင်းကြောင့် လူနာများထားရှိမည့် အခန်းများတွင် အိပ်ယာ၊ ခြင်ထောင်၊ ခုတင်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ပြန်လည်ပြင်ဆင်ထားရှိမှု၊ အောက်ဆီဂျင် Tank နှင့် ၄၀ လီတာ ဆလင်ဒါအိုးများထားရှိမှု၊ ဆေးစတိုး အပါအဝင် စင်တာအား ထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်က ယခုရက်ပိုင်းအတွင်း ပိုးတွေ့လူနာတွေ့ရှိမှု များပြားလာ၍ ရိုးမရိပ်သာတွင် လူဦးရေ ၃၀၀ ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန် အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုးများ အပါအဝင် ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိပြီး အဆောက်အအုံများ၊ အခန်းများနှင့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်မီး ပုံမှန်ရရှိရေးနှင့် မီးစက်အရန်ထားရှိရေး စီစဉ်ဆောင်ရွက်သွားရန်၊ လုံခြုံရေးကိစ္စရပ်များကို (နေ့-ည) အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရိုးမရိပ်သာ ကိုဗစ်-၁၉ စင်တာအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)