ဂွ ၆ ဇူလိုင်
မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသတွင် ကြပ်မတ်မှုအားနည်းသည့် ငါးဖမ်းလုပ်ငန်းများ၏ အကျိုးဆက်များ၊ အဏ္ဏဝါပတ်ဝန်းကျင်ကို အခြေပြုသည့် ခရီးသွားလုပ်ငန်းများ တိုးတက်လာခြင်းနှင့် ခရီးသွား လုပ်ငန်းများ၏ တာဝန်ခံမှုမရှိခြင်း၊ ထိန်းချုပ်မှု အားနည်းခြင်းတို့ကြောင့် ရခိုင်ကမ်းရိုးတန်းရှိ သန္တာကျောက်တန်း ဂေဟစနစ်များ ပျက်စီးလျော့နည်းလာခြင်းနှင့် သန္တာကျောက်တန်းတွင် နေထိုင်သော ငါးမျိုးစိတ်များ၏ အရေအတွက် လျော့နည်းလာခြင်းများ ဖြစ်ပေါ် လျက်ရှိကြောင်းသိရသည်။
ကမ္ဘာပေါ်ရှိ ပင်လယ်ကမ်းရိုး တန်းများတွင်နေထိုင်သော လူအဖွဲ့အစည်းများ၏ ဝင်ငွေနှင့် အသားဓာတ်များ ရရှိရာ အခြေခံအရင်းအမြစ်များသည် သန္တာကျောက်တန်းများတွင် နေထိုင်သော ငါးများကို ဖမ်ဆီးသည့် ငါးဖမ်းလုပ်ငန်းများမှ ရရှိခြင်းဖြစ်ပြီး သန္တာကျောက်တန်း များကရရှိသော ထုတ်ကုန်များနှင့် ဂေဟစနစ်အပေါ် ထောက်ပံ့မှုများသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့် ရှိသည်။ ဤသို့ လွန်စွာအရေးပါသော်လည်း အဏ္ဏဝါအရင်းအမြစ်များကို ထိန်းချုပ်မှု ကင်းမဲ့စွာ အလွန်အကျွံ ထုတ်ယူသုံးစွဲ မှုများကြောင့် သန္တာကျောက်တန်း များနှင့် ငါးသယံဇာတများသည် ယခင်က မဖြစ်ခဲ့ဖူးသောနှုန်းဖြင့် ဆုံးရှုံးပျက်စီးလျက်ရှိ၍ သန္တာကျောက်တန်းများ၏ ဂေဟစနစ်အပေါ် ထောက်ပံ့ပေးနိုင်မှုမှာလည်း လွန်စွာကျဆင်းလျက်ရှိသည်။
ထို့ကြောင့် ယခုအခါရခိုင်ကမ်းရိုး တန်းဒေသတွင် အဏ္ဏဝါကာကွယ် ရေပြင်ထူထောင်ရန် သင့်လျော်သည့် နေရာများကို သိရှိနိုင်ရန် အရေးပါသည့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများ ကို သုတေသနအချက်အလက် ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရခိုင်ကမ်း ရိုးတန်းတောင်ပိုင်း ကမ်းနီးဒေသရှိ ဂွကျွန်းတွင် ဆောင်ရွက်လျက်ရှိကြောင်း WCS Myanmar မှ အဏ္ဏဝါထိန်းသိမ်းရေး မန်နေဂျာ ဦးသောင်းထွဋ်က ပြောသည်။
ဂွကျွန်းသည် ကာကွယ်ထိန်းသိမ်း ရေးလုပ်ဆောင်ရာတွင် လွန်စွာအရေး ပါသည့် ငါးမဖမ်းရဇုန်များ၊ ငါးလုပ်ငန်း ရေရှည်တည်တံ့နိုင်ရန်အတွက် စီမံ ခန့်ခွဲမည့်ဇုန်များပါဝင်သော အဏ္ဏဝါကာကွယ် ရေပြင်ဧရိယာ တည်ထောင်ရန် အလွန်သင့်လျော်သောနေရာ ဖြစ်ကြောင်းလည်း သိရသည်။
ပိန်းဇလုပ် သိန်းညွန့်
ဓာတ်ပုံ-WCS