ကျောက်ဖြူ ၇ ဇူလိုင်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ နံနက်ပိုင်းတွင် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်တာဝန် ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ၎င်းတို့၏တင်ပြချက်များအပေါ် ဝန်ထမ်းများနေထိုင်မှု အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆက်လက်၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်နေသည့် ပြင်ချေ-ကုလာဘာ ကျေးရွာချင်းဆက် လမ်းပေါ်တွင်ရှိသော RC (18 m x 73 m) ကွန်ကရစ်တံတား တည်နေမှုအားလည်းကောင်း၊ ဆောက်လုပ်ရေးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ကျောက်ဖြူ- မအီ- တောင်ကုတ်လမ်းပိုင်း (၁၇၅)ကီလိုမီတာအနီး ကျောက်စီရေထိန်းနံရံ တည်ဆောက်နေမှုအား လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းလူမျိုးများ ဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန၊ ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ကျောက်ပြောက်အုပ်စု၊ ဝါးနက်ချွိန်ကျေးရွာ၊ အ.လ.က(ခွဲ) (ပေ ၉၀၊ ပေ ၃၀၊ ၁၂ ပေ) RC (၁)ထပ်ကျောင်းဆောင်အား လည်းကောင်း၊ အ.လ.က(ခွဲ) ဝမြှောင် စသင်ကျောင်းဆောင် (ပေ ၆၀၊ ပေ ၃၀) တည်ဆောက်နေမှုအားကြည့်ရှုကာ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ရက်အမီ လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် စနဲမြို့ရှိ မြို့မိမြို့ဖများနှင့် တွေဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ စနဲဆေးရုံရှိ ဆေးရုံအုပ်နှင့်အတူ ဝန်ထမ်းအိမ်ရာ (၆၆ ပေ၊ ၂၄ ပေ) လုံးချင်း(၁)ထပ်နှင့် (၈၄ ပေ၊ ၂၃ ပေ) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ထိန်ဘွေကျေးရွာရှိ တံတားအား ပြန်လည်ပြင်ဆင် ပြုပြင်နိုင်ရေး သွားရောက်ကြည့်ရှုကာ ညနေပိုင်းတွင် ရမ်းဗြဲမြို့နယ်သို့ ထွက်ခွာသွားကြသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)


