စစ်တွေ၊ မတ် ၂၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက စစ်တွေမြို့ လောကာနန္ဒာ စေတီတော်ပုရဝုဏ်အတွင်းရှိ သာသနာ့ ဗိမာန်တော်၌ ကျင်းပသည်။
ဦးစွာအခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များအမှူးပြု၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး၊ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက အခမ်းအနားဖွင့် စာတမ်းကို ဖတ်ကြားလျှောက်ထားသည်။
ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာသဒ္ဓမ္မဇောတိဓဇ ဘွဲ့တံဆိပ်တော်ရ စစ်တွေမြို့၊ မဟာဗော ဓိဉာဏာရာမ (ဂြစ်ချေ) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုမာရက သမ္မောဒနီယ ဩဝါဒကထာ မိန့်ကြား ချီးမြှင့်တော်မူသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ၂၀၂၄ ခုနှစ် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရ ကျောင်းတိုက်ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်း ချအမျှပေးဝေကြသည်။
ထို့နောက် အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိတု’’ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရခိုင်မင်္ဂလာစည်တော်အဖွဲ့မှ အောင်စေသံတီးခတ်ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် မဟာဂန္ထဝါစကပဏ္ဍိတတစ်ပါး၊ မဟာသဒ္ဓမ္မဇောတိ ကဓဇတစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇ (၃) ပါးတို့ကို ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
သတင်းစဉ်
Breaking News


