စစ်တွေ ၇ စက်တင်ဘာ
ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၁၃/၂၀၂၀)ကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုများအပေါ်တွင် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်လည်း ရောဂါပိုးတွေ့ရှိမှုသည် များပြားလျက်ရှိ နေပါကြောင်း၊ ကော်မတီဝင်များအနေဖြင့်လည်း တုံ့ပြန်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ကုသပေးမှုများ၊ ထိန်းသိမ်းဆောင်ရွက်မှုများကို လုပ်ဆောင်နေပါကြောင်း၊ စစ်တွေမြို့တွင် လိုက်နာဆောင်ရွက်မှုများရှိသော်လည်း ပြည်နယ်အတွင်းမှ တစ်ချို့မြို့နယ်များတွင် လိုက်နာမှုများ အားနည်းနေသည်ကို ကြားသိနေရပါကြောင်း၊ တစ်ချို့မြို့နယ်များတွင် ရောဂါပိုးတွေ့ရှိမှုလည်းများ ပြားလာပါကြောင်း၊ ရောဂါပိုးတွေ့ရှိမှု များပြားလာသည့်မြို့နယ်များတွင် အားနည်းချက်များရှိလာလျင်လည်း စစ်တွေမြို့သို့ခေါ်ယူကာ ကုသပေးမှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိန်းသိမ်းမှုအနေအထားတွင် ရဲတပ်ဖွဲ့တစ်ခုတည်းနှင့် မရနိုင်ပါကြောင်း၊ ပြည်သူများ ပူးပေါင်းပါဝင်ရန်လည်း လိုအပ်ပါကြောင်း၊ ကုသရေးအပိုင်းနှင့် အသွားအလာကန့်သတ် စောင့်ကြည့်နေရာများတွင်လည်း စေတနာအပြည့်ဖြင့် လာရောက်ကူညီပေးကြသည့် ဆရာဝန်၊ ဆရာမများနှင့် စေတနာ့ဝန်ထမ်းလူငယ်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသိပညာပေး လုပ်ငန်းများကိုလည်း ယခင်ထက် ပိုမိုအားထည့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကုန်စည်စီးဆင်းမှု မပြတ်စေရေးအတွက်လည်း အခက်အခဲမရှိအောင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အခက်အခဲဖြစ်လာလျင်လည်း နိုင်ငံတော်သမ္မတရုံးနှင့် ဗဟိုကော်မတီတို့သို့ တင်ပြဆက်သွယ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ဆောင်ရွက်နေသည့် အနေထားများ၊ ဆောင်ရွက်ရသည့် အနေအထားများကို ပွင့်ပွင့်လင်းလင်းဖြင့် ဆွေးနွေးပေးစေ လိုကြောင်းနှင့် ဆွေးနွေးမှုများအပေါ်တွင် ညှိနှိုင်းပေါင်းစပ်ပြီး ယနေ့အစည်းအဝေးတွင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဆွေးနွေးအကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း က ယခင်အစည်းအဝေးဆုံး ဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပိုးတွေ့လူနာနှင့် ထိတွေ့သူများကို လက်ရှိဆောင်ရွက်ထားသည့် အခြေအနေ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်သည့် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


