မောင်တော ဇူလိုင် ၂၃
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှုရှိစေရေး အတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူများက မြို့မမြောက်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် မဟာဗန္ဓုလ လမ်း ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်တွင် ယနေ့ နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေး ပြုလုပ် ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဖွဲ့(၂)ဖွဲ့ခွဲကာ မြို့မမြောက်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ မူလတန်းလွန် ကျောင်းခြံဝင်းအတွင်း/အပြင်ရှိ မြက်ပင်၊ ပေါင်ပင်၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းပြီး ရေမြောင်း အတွင်းရှိ အမှိုက်များဆယ်ယူခြင်း၊ တံမြက်စည်းလှဲခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းဘေးဝဲယာတစ်လျှောက်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် တာဝန်ရှိသူများက ပလက်စတစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များကို ကောက်ယူပြီး စည်ပင် သာယာရေးအဖွဲ့က အမှိုက်သိမ်းကားဖြင့်သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက် ခဲ့ကြောင်း သိရ သည်။
(ခရိုင် ပြန်/ဆက်)