ကျောက်ဖြူ ၂၃ မေ
ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် ရခိုင်ပြည်နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၏ လူထုတွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့၊ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၁)မြို့နယ်မှ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (၁၁)ဦးနှင့်ကော်မတီတွင်ပါဝင်သော အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို ကျောက်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်အသီးသီးမှ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများ က တစ်ဦးချင်းစီ မိတ်ဆက်စကားပြောကြားခဲ့သည်။ ထိုနောက် ကျောက်ဖြူမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် တောင်ကုတ်မြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးစန်းငွေတို့က နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၏ အားနည်းချက် ၊ အားသာချက်များ ကို အခမ်းအနားတက်ရောက်လာကြသူများအား ချပြ ရှင်းလင်းခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက မြို့နယ်စည်ပင်သာယာလှပစေရေးအတွက် လမ်း၊ ရေ မြောင်း၊ အမှိုက်ကောက်ယူမှု၊ ကျူးကျော်ဆောက်လုပ်ခြင်းများ၊ လမ်းမီးခွန်ကောက်ခံခြင်း၊ ဈေးဆိုင်ခန်းများ စသည့်သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဖြေကြားခဲ့ကြသည်။
ယင်းနောက် ကျောက်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ရခိုင်ပြည်နယ်လွှတ်တော်မှ ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ ရခိုင်ပြည်နယ်လွှတ်တော်ဥပဒေအမှတ်-၁ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ရာ အမှတ်စဉ်(၂၁)ခု ၊ အခန်း(၂၁)ခန်းပါရှိပါကြောင်း၊ ၎င်းဥပဒေတွင် ကော်မတီဥက္ကဋ္ဌများအနေဖြင့် လုပ်ပိုင်ခွင့် အာဏာကို ထိရောက်စွာအသုံးပြုခွင့်မရသည့်အတွက် ယခုလို ပြည်သူ့လူထုကို ချပြ ရှင်းလင်း ရခြင်းဖြစ်ပါ ကြောင်း၊ လက်ရှိကျင့်သုံးလျက်ရှိသော ဥပဒေသည် အားနည်းချက်တွေ့ရှိလာသောကြောင့် ရခိုင်ပြည် နယ်စည်ပင်သာယာရေးအခြေခံဥပဒေ(၂၀၁၃)ကို ဖြည့်စွက်သင့်သည် ဥပဒေများ အသစ်ပြင်ဆင်ထည့်နိုင်ရေး အတွက် ဒေသခံပြည်သူ ညီအစ်ကိုမောင်နှမများက ဝိုင်းဝန်းကူညီကာ အကြံဉာဏ်များပေးနိုင်ပါရန်အတွက် ယခုလို လူထုတွေ့ဆုံရှင်းလင်းပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)
