နေပြည်တော် ၇ ဇွန်

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာ ကော်မတီဆောင် I- 20 ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ယခုအစည်းအဝေးသည် နေပြည်တော်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ၏ တတိယအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်သို့ ထပ်မံ နယ်မြေကွင်းဆင်း လေ့လာသွားရန် ရှိပါကြောင်း။

 

mdn

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ အနေဖြင့် ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ် သွားရောက်ခဲ့ပြီး နောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် လက်နက်ကိုင်ပဋိပက္ခ အခြေအနေများကို သုံးသပ်ဆွေးနွေးကြ ရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ရခိုင်ပြည်နယ်သို့ ထပ်မံသွားရောက်မည့် ခရီးစဉ်နှင့် ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိက္ခနှင့် အခြေအနေအရပ်ရပ်ကို ဆွေးနွေးတင်ပြကြစေလိုပါကြောင်း။

ယခုတစ်ကြိမ် ရခိုင်ပြည်နယ်သို့သွားရောက်သည့်အခါ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အတွေ့အကြုံရှိသူများ၊ ပါဝင်ပတ်သက်သူများနှင့် ဒေသခံများ၏ အကြံပြုသုံးသပ်ချက်များ၊ ဖြစ်စဉ်အကြောင်းအရာအများကို ရယူသွားမည်ဖြစ်ပါကြောင်း၊ ယင်းအကြံပြုချက်၊ သုံးသပ်ချက်၊ ဖြစ်စဉ်အကြောင်းအရာများကို မှတ်တမ်း ရယူ၍ အစီရင်ခံစာရေးသားရာတွင် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရသို့ တင်သွင်းသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အပြီးသတ်အစီရင်ခံစာ ရေးသားတင်ပြနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ဒုက္ခသည်များ၏ စားသောက် နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များကိုလည်း ကူညီဆောင်ရွက် ပေးသွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ အတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦဇော်အေးမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ဦးဦးသန်းနိုင်၊ ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ဒေါက်တာညီလှငယ်တို့က ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများ၊ တိုက်ခိုက်မှုများ၊ လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်နှင့် ထပ်မံကွင်းဆင်းလေ့လာ ဆောင်ရွက်သွားမည့် အခြေအနေ၊ နှစ်ဖက်အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေး၊ ဒေသခံများ၊ တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ အကြံပြုချက်၊ သုံးသပ်ချက်များ ရယူဆောင်ရွက်သွားရေးနှင့် လက်နက်ကိုင်ပဋိက္ခများ လျော့နည်းသွားရေးအတွက် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ် အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)