နေပြည်တော်  ၇ စက်တင်ဘာ

 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ (၃) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing  စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် UEHRD ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂)၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က UEHRD ကော်မတီအား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ စတင်ဖွဲ့စည်းခဲ့စဉ်မှစ၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက်ပေးရေး၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အဓိကထား၍ UEHRD ကော်မတီကို ပြည်ထောင်စုစီမံကိန်းအနေဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မတီ ရည်ရွယ်ချက်များအရ လုပ်ငန်းပမာဏ များပြားကျယ်ပြန့်လာသောကြောင့် စနစ်တကျနှင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင်များကို အဆင့်ဆင့် တိုးချဲ့ဖွဲ့စည်းခဲ့ရာ စုစုပေါင်းအဖွဲ့ဝင် (၈) ဦးအထိ ရှိခဲ့ပြီး  UEHRD ကော်မတီ စတင်ဖွဲ့စည်းစဉ်မှစ၍ ပါဝင်ခဲ့သော Task Forces (၁၀) ဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ယခုလာမည့် အောက်တိုဘာလတွင်  ကော်မတီဖွဲ့စည်းမှု (၃) နှစ်ပြည့်မြောက်မည်ဖြစ်၍ (၃) နှစ် တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို မှတ်တမ်းတင်ခြင်း၊ အားနည်းချက်၊ အားသာချက်များ ဖော်ထုတ်ကာ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်ပတ်လည် အထိမ်းအမှတ်တစ်ခု ပြုလုပ်ရန်  ရည်ရွယ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး၊ မှတ်တမ်းတင် အစီရင်ခံစာနှင့် ရုပ်သံမှတ်တမ်း ဆောင်ရွက်နိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။    

 

ယင်းနောက် UEHRD ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က အခမ်းအနားကျင်းပမည့် နေ့ရက်၊ အချိန်၊ ကျင်းပမည့် အစီအစဉ်၊ မှတ်တမ်းများ ပြုစုဆောင်ရွက်မည့် အခြေအနေလျာထားမှုနှင့် ပြီးခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်မှ ယနေ့အထိ UEHRD ရံပုံငွေ သုံးစွဲဆောင်ရွက်မှု အခြေအနေတို့ကို တင်ပြဆွေးနွေးသည်။

 

အစည်းအဝေးသို့ UEHRD ကော်မတီ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ကော်မတီဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ သတင်းနှင့်ဆက်သွယ်ရေး ဒါရိုက်တာ ဦးကျော်မြိုင်၊ UEHRD ၏ စီမံခန့်ခွဲမှုအရာရှိချုပ် ဦးညီငြိမ်းအေး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး UEHRD ကော်မတီ (၃) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်