စစ်တွေ ၃ ဇူလိုင် 

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်မှ အသက်(၈၅)နှစ်အထက် ဘိုးဘွား (၉၃၀၇) ဦးအား ၂၀၁၈ အောက်တိုဘာလမှ ၂၀၁၉ ဇွန်လအတွင်း ငွေကျပ် ၉၇ ဒသမ ဝ၇ သန်း ထောက်ပံ့ခဲ့ကြောင်း ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ပြောသည်။

 

11111

 

ဒေါ်ယဉ်ယဉ်ပြုံးက “ရခိုင်ပြည်နယ်မှာရှိတဲ့ အသက် ၈၅ နှစ်အထက် ဘိုးဘွားတွေကို ၂၀၁၈ အောက်တိုဘာကနေ စပြီးထောက်ပံ့ပေးပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အသက် ၉၀ အထက် ဘိုးဘွားတွေကိုပဲ ထောက်ပံ့ခဲ့တာပါ။ ဘိုးဘွားစာရင်းတွေကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနကနေ သုံးလတစ်ခါစာရင်းကောက်ပါတယ်။ ရလာတဲ့စာရင်းကို ရုံးချုပ်ကို လျာထားတင်ပြ တောင်းခံရပါတယ်။ ထောက်ပံ့ပေးအပ်တဲ့အခါမှာလည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ လူမှုဝန်ထမ်းရုံးက ဝန်ထမ်းတွေရယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေဆီကနေ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးပါတယ်” ဟု ပြောသည်။

ယင်းအပြင် လူမှုဝန်ထမ်းဦးစီးဌာနမှ ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်    ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား တစ်လလျှင် တစ်သောင်းခွဲနှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၁၈ ခုနှစ် အောက်တိုဘာမှ   ဒီဇင်ဘာအထိ အကျိုးခံစားခွင့်ရှိသူ (၁၀၃၀၁၄)ဦးအတွက် ငွေကျပ် ၄၆၃၅ ဒသမ ၆၃ သန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ မတ်အထိ စစ်တွေမြို့နယ်မှ အကျိုးခံစားခွင့်ရှိသူ စုစုပေါင်း (၂၂၁၃)ဦးအတွက် ထောက်ပံ့ငွေ ၉၉ ဒသမ ၅၈၅ သန်းအား ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသည့် မြို့နယ်များအား ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ဒေါ်ယဉ်ယဉ်ပြုံးက ပြောသည်။

ထို့ပြင် ပြည်နယ်အတွင်းရှိ (၁၇)မြို့နယ်မှ မသန်စွမ်းသူ (၉၄၂၁)ဦးအား လူမှုကာကွယ်စောင့်ရှောက်ရေးအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် မတ်အထိ တစ်ဦးလျှင် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းကျပ် ၂၈ ဒသမ ၂၆၃၊ မာန်အောင်မြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၃၂၇)ဦးအတွက်  ဒုတိယအကြိမ်အဖြစ် တစ်ဦးလျှင်သုံးသောင်းနှုန်းဖြင့်  စုစုပေါင်း ၉ ဒသမ ၈၁၀ သန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအတွက် စစ်တွေကလေးပြုစုရေးဌာန (၁)ခုကို ဖွင့်လှစ်ထားပြီး မိဘမဲ့နှင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သောကလေး (၃၄)ဦးကို ပြုစုစောင့်ရှောက်ထားကြောင်း သိရသည်။ ထို့ပြင် အစိုးရပိုင် မူလတန်းကြိုကျောင်းများကို စစ်တွေ၊ ကျောက်ဖြူ၊ အမ်းနှင့် ဂွမြို့များတွင် ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။ 

ဟန်မင်း