နေပြည်တော် ၂၁ ဩဂုတ်

 

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများနှင့် IDP စခန်းများတွင် နေထိုင်ကြသော အိမ်ထောင်စုများအား အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့ခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစီအစဉ်အရ စခန်းများတွင် ပိုးတွေ့လူနာ/ သံသယလူနာများအား သီးခြားထားရှိရန် ယာယီ အဆောက်အဦများ ဆောက်လုပ်နိုင်ရေး ရန်ပုံငွေထောက်ပံ့ခြင်းတို့ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ အွန်လိုင်း စနစ်ဖြင့်ပြုလုပ်သည်။

 

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးအရအဖွဲ့ ဝန်ကြီးများ၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာ လိုက်ချိန်မှစ၍ မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများအတွက် ကိုဗစ်-၁၉ ကြိုတင်ပြင်ဆင် ရေးနှင့် ပတ်သက်၍ စနစ်တကျ ဆောင်ရွက်ရသည့် လုပ်ငန်းလမ်းညွှန် (SoP) ကိုရေးဆွဲပြီး ဆောင်ရွက်ပါကြောင်း၊ စခန်းများတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့ရှိရပါက လူနာညွှန်းပို့ခြင်းလုပ်ငန်းစဉ်များ၊ စောင့်ကြည့်လူနာများနှင့် သံသယ လူနာများ အား သီးခြားသတ် မှတ်ထားသောနေရာများနှင့်   ဆေးရုံများသို့ အချိန်မီလွှဲပို့နိုင်ရေး အတွက် အစီအစဉ်များ စသည့်တို့ကို ထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုအစီအစဉ်များအရ  ယာယီအဆောက်အဦများ ဆောက်လုပ်နိုင်ရန် ရန်ပုံငွေများကို ယနေ့ပေးအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ကို ချမှတ်ခဲ့ရာ  အဓိကအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိမိတို့ဝန်ကြီးဌာန (၃)ခုကို ရွေးချယ် ၍ ပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိစေမည့် အထောက်အပံ့များ ပေးနိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုအစီအစဉ်အရ မိမိတို့ဝန်ကြီးဌာနအနေဖြင့် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းတွင် နေထိုင်ကြသော အိမ်ထောင်စုများ စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန် အတွက် ထောက်ပံ့မှုများကို ပေးအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဘဏ္ဍာငွေကြေး အကန့်အသတ်ဖြင့် သုံးစွဲနေရ သော်လည်းပြည်သူများဘေးဒုက္ခကျရောက် နေချိန်တွင် ပြည်သူများ တိုက်ရိုက်အကျိုးရှိမည့် လုပ်ငန်းများကို ဆောင်ရွက်ပေးပါကြောင်း။

 

ထို့ကြောင့် အကန့်အသတ်ရှိသော ဘဏ္ဍာငွေများကို အလေအလွင့်မရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုထောက်ပံ့မှု အစီအစဉ်များကို ကိုဗစ်-၁၉ ကြောင့် အသွားအလာကန့်သတ်မှုများရှိလာ၍ ယခုကဲ့သို့ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရ၏ လက်ရှိကြုံတွေ့နေရသည့် အခက်အခက်များကို အားလုံးက ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က CERP အစီအစဉ်အရ တစ်နိုင်ငံလုံးရှိ အသက် (၈၀)နှစ်နှင့် (၈၅) နှစ်အကြား သက်ကြီးရွယ်အိုများအား ငွေကြေးတစ်ကြိမ်ထောက်ပံ့ခြင်း၊ မသန်စွမ်းသူများအား ငွေကြေးတစ်ကြိမ်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးတစ်ကြိမ်ထောက်ပံ့ခြင်း အစီအစဉ်များကိုရှင်းလင်းတင်ပြသည်။

 

ထို့အပြင် ရခိုင်ပြည်နယ်သည် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေားဖွားသောကလေး အသက်(၂) နှစ်အထိ ငွေကြေးထောက်ပံ့ခြင်း (MCCT)အစီအစဉ်တွင် အကျုံးဝင်နေသည့် အတွက် CERP အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးတစ်ကြိမ် ထောက်ပံ့ခြင်း အစီအစဉ်တွင် မပါဝင်တော့သော်လည်း MCCT အစီအစဉ်အရ ထောက်ပံ့မှု များကို COVID-19 ကာလ သတ်မှတ်ထားသောစည်းကမ်းများနှင့်အညီ ဆက်လက် ပေးအပ် သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပုက ထောက်ပံ့မှုများသည် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ အလေအလွင့် မရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့ မှုများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများရှိ အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများဝယ်ယူ နိုင်ရန် အိမ်ထောင်စု      (၄၀,၁၀၃)စုအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁,၆၀၄,၁၂၀,၀၀ဝ နှင့်  ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစီအစဉ်အရ စခန်းများတွင် ပိုးတွေ့လူနာ/ သံသယလူနာများအား သီးခြားထားရှိရန် ယာယီအဆောက် အဦ Long House အလုံး (၃၀) ဆောက်လုပ်နိုင်ရေးအတွက် စုစုပေါင်းငွေကျပ် ၂၆၆,၄၀၀,၀၀ဝ ကို ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့ထံ သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်