နေပြည်တော် ၇ စက်တင်ဘာ
"ရခိုင်ပြည်နယ်တွင်သာမက အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၌လည်း ကူးစက်ဖြစ်ပွားမှု များပြားလာသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး" ကို ယနေ့နံနက် ၉ နာရီခွဲတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများတိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံ များမှ ဆေးပညာအထူးကုဆရာဝန်ကြီးများ၊ ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော ဗဟိုကွင်းဆင်း အဖွဲ့ များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် လက်ရှိ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု များပြားနေသော ရခိုင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၏ အခြေအနေများအား ခြုံငုံဆန်းစစ် သုံးသပ်မှုများနှင့် လက်ရှိဆေးရုံအသီးသီးတွင် ကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာများ၏ အခြေ အနေများအား တင်ပြခြင်း၊ လူနာများတွင် တွေ့ရှိရသော ရောဂါလက္ခဏာများ၊ ရောဂါပိုး တွေ့ရှိပြီး စတင်ဆေးရုံတက်စဉ်က မည်သည့်ရောဂါလက္ခဏာမျှ မရှိသော်လည်း ရောဂါဖြစ်ပွားပြီး ကာလတစ်ခုတွင် ကိုဗစ်-၁၉ ကြောင့် ပြင်းထန်အဆုတ်ရောင် ရောဂါအပါအဝင် အခြားရောဂါ လက္ခဏာများ ဖြစ်ပွားလာနိုင်မှုတို့ကို အသိပေး မျှဝေခြင်း၊ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အသွား အလာကန့်သတ်ထားရှိမှု အခြေအနေ များနှင့် အသွားအလာကန့်သတ်ရန် နေရာများ ရှာဖွေစီစဉ်ထားရှိမှု အခြေအနေများအား တင်ပြခြင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောဂါကူးစက်နိုင်ချေများသူများအား ကျပန်းစနစ်ဖြင့် ရွေးချယ်ကာ rapid test kit ဖြင့် ပဋိပစ္စည်းများ (antibodies) ရှိ၊ မရှိစစ်ဆေးမှုမှ တွေ့ရှိချက်နှင့် ဆန်းစစ် သုံးသပ်ချက်များအား တင်ပြခြင်း၊စစ်တွေမြို့တွင် မိမိအိမ်တွင်သာနေထိုင်ရေး (stay at home) အစီအစဉ်လိုက်နာဆောင်ရွက်မှုနှင့် နှာခေါင်းနှင့်ပါးစပ်စည်း (mask) တပ်ဆင်ခြင်း အပါအဝင် ရောဂါကာကွယ်ရေးနည်းလမ်းများအား လိုက်နာကျင့်သုံးမှုအခြေအနေများကို ကွင်းဆင်းလေ့လာ ဆန်းစစ်မှုအတွေ့အကြုံကို ရှင်းလင်းတင်ပြခြင်း၊ COVID-19 Clinical Management Committee မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန် CDC နှင့် နောက်ဆုံးပေါ် သုတေသနတွေ့ရှိချက်များအပေါ် အခြေခံပြီး ကိုဗစ်-၁၉ လူနာများဆေးရုံဆင်းခွင့် သတ်မှတ်ချက်များအား မွမ်းမံပြင်ဆင်ထားရှိမှုနှင့် အလားတူ အသွားအလာကန့်သတ်မှုဆိုင်ရာ သတ်မှတ်ချက်များမွမ်းမံပြင်ဆင်ကာ အတည်ပြုနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်ပြထားရှိမှုတို့ကို အသိပေးတင်ပြခြင်းတို့ကို ဆောင်ရွက်ကြမည်။
ထို့ပြင် ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ နေ့စဉ်ဆက်သွယ်ကာ ဆေးနှင့်ဆေးပစ္စည်း လက်ကျန် စာရင်းများ ပြုစုခြင်းနှင့် ဖြည့်ဆည်းခြင်းများဆောင်ရွက်နေမှုအခြေအနေများအား တင်ပြခြင်း၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)တွင် လူနာဆောင်များ ထပ်မံတိုးချဲ့နေမှုနှင့် ဆရာဝန်၊ သူနာပြုနှင့် အထောက်အကူပြု ပညာရှင်များ၊ ပံ့ပိုးကူညီဆောင်ရွက်သူများပါဝင်သော အဖွဲ့တစ်ခု ထပ်မံဖွဲ့စည်းရန်ကိစ္စတင်ပြခြင်း၊ ဆေးပညာ၊ အရေးပေါ်ကုသမှုဆေးပညာနှင့် မေ့ဆေးပညာ မဟာဘွဲ့သင်တန်း (နောက်ဆုံးနှစ်) တက်ရောက်နေသူ ဆရာဝန်များ၊ သူနာပြုမဟာဘွဲ့နှင့် အထူးပြုသူနာပြုဒီပလိုမာသင်တန်းများ တက်ရောက်နေသည့် သူနာပြုများအား "မိမိဆန္ဒ အလျောက်" ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ကိစ္စကို အဆိုပြု တင်ပြခြင်း၊ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးနေမှုအခြေအနေများနှင့် ဓာတ်ခွဲနမူနာများကို အချိန်မီ သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များဆွေးနွေးခြင်း၊ ရောဂါကူးစက်ပြန့်ပွားမှု များပြားနေသော ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိလာသူများအား မည်သို့စီမံခန့်ခွဲရမည်ဆိုသည့် ကိစ္စ၊ ကိုဗစ်-၁၉ လူနာများအား ပုဂ္ဂလိကဆေးရုံများတွင် လက်ခံကုသမှု ပေးနိုင်ရေးအတွက် ပုဂ္ဂလိက ဆေးရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည့် ကိစ္စများကို တင်ပြခြင်း၊ ဆေးရုံများတွင် ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ခြင်း (hospital infection prevention and control) ကို လိုက်နာကျင့်သုံးမှုကောင်းမွန်စေရေးဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုနည်းပါး နေသေးသော တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံ အုပ်ကြီးများအနေဖြင့် စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုလူနာများအား စနစ်တကျ သီးခြားထားရှိ ကုသမှုပေးနိုင်ရန်အတွက် ကြိုတင်စီစဉ်မှုများပြုလုပ်ထားရှိရမည်ဖြစ်ပြီး နေရာလိုအပ် ချက်ရှိပါက သက်ဆိုင်ရာ မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လူနာကုသသည့် ဆေးရုံများတွင် ရောဂါပြင်းထန်သည့် ကိုဗစ်-၁၉ လူနာများအတွက် အထူးကြပ်မတ် ကုသဆောင် များကို ကြိုတင်ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးမှ ဆုံးဖြတ်ချက် များအား အကောင်အထည်ဖော်ဆောင်ရွက်ရေး အသေးစိတ် စီစဉ်ညှိနှိုင်းမှုများ ပြုလုပ်ရန်အတွက် တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ဆွေးနွေးမှုများ ပြုလုပ်ကာ မိမိဒေသနှင့် ကိုက်ညီသော လက်တွေ့ကျသည့် လုပ်ငန်းအစီအစဉ်များ ချက်ချင်းချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ယခု ကိုဗစ်-၁၉ ဖြစ်ပွားမှုမှာ လျင်မြန်စွာ ပျံ့နှံ့နေသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ဖြစ်ပေါ်လာမည့် အခြေအနေကို ကြိုတင်မှန်းဆကာ အချိန်နှင့်တစ်ပြေးညီကာကွယ်ကုသနိုင်ရန် အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စောင့်ကြည့်အကဲဖြတ်အဖွဲ့များနှင့် ကုသမှု အထူးကုများပါဝင်သည့် အဖွဲ့များ ကြိုတင်ဖွဲ့စည်းပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊ ယခု လျင်မြန်စွာပျံ့နှံ့နေသည့် ကိုဗစ်-၁၉ ကို အချိန်နှင့် တစ်ပြေးညီ ကိုင်တွယ်တုံ့ပြန်ရမည်ဖြစ်ပြီး ဗဟိုမှ လမ်းညွှန်ချက်များအား အချိန်နှင့် တစ်ပြေးညီပေးပို့နေသဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများအနေဖြင့် အီးမေးလ်ကို အချိန်မှန် ကြည့်ရှုတုံ့ပြန်ရန်မှာ အရေးကြီးပါကြောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ကိုဗစ်-၁၉ ဆိုင်ရာ ကူးစက်ရောဂါဗေဒနှင့် ပြည်သူ့ကျန်းမာရေးရှုထောင့် ဆန်းစစ်သုံးသပ်ချက် များအား တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေ့စဉ်ပေးပို့ရမည်ဖြစ်ပါကြောင်း။
ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲအနေဖြင့် တစ်ကိုယ်ရေရောဂါကာကွယ်ရေး အသုံးအဆောင်များအပါ အဝင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် လက်ကျန်စာရင်းများကို နေ့စဉ် သုံးသပ်ကာ လိုအပ်သည်များ ကြိုတင်တွက်ချက်ဝယ်ယူ ဖြည့်တင်းထားရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား စေတနာပြည့်ဝစွာဖြင့် ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းများတွင် အမှတ် တမဲ့ဖြစ်ကာ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ရောဂါကူးစက်မှုကာကွယ်ရေးလုပ်ငန်း လမ်းညွှန် များ လိုက်နာကျင့်သုံးမှု ရှိစေရေးအတွက် အချင်းအချင်းသတိပေးမှုများလည်း အမြဲလုပ်ဆောင်ကြစေ လိုပါကြောင်း၊ ယနေ့ထုတ်ပြန် မည့် ကိုဗစ်-၁၉ လူနာများ ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များကို နိုင်ငံတကာ တွေ့ရှိချက်များနှင့်အညီ မွမ်းမံပြင်ဆင်ရေးဆွဲပေးခဲ့သည့် ဆေးပညာ၊ မေ့ဆေးပညာ၊ အရေးပေါ်ကုသမှုဆေးပညာ၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာ၊ ရောဂါဗေဒပညာ၊ ဓာတ်မှန်ပညာနှင့် ရင်ခေါင်းရောဂါဆေးပညာတို့မှ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေး ပညာရှင်ကြီးများ ပါဝင်သည့် COVID-19 Clinical Management Committee အား ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။
ယနေ့အစည်းအဝေးမှ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှ လုပ်ဆောင်နေသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အခြားတိုင်းဒေသကြီး/ ပြည်နယ်မှ သိရှိနိုင်ကာ ကောင်းမွန် သည့် အချက်များအား အတုယူလုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ပုံ အကျဉ်းများ ပြုစုကာ တစ်ပြည်လုံးရှိ ဆေးရုံကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန များသို့ အီးမေးလ်ဖြင့်ဖြန့်ဝေ၍ အသိပေးရန်၊ ရောဂါကူးစက်မှုများပြားနေသည့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ရောဂါဗေဒ အချက်အလက်များကို ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ လည်းကောင်း၊ ဆေးရုံပိုင်းဆိုင်ရာ အချက်အလက်များကို ကုသရေး/ ဆေးအကာအကွယ်/ ဆေးခုံဌာနခွဲမှ လည်းကောင်း ဆန်းစစ် သုံးသပ်မှုများ ပြုလုပ်၍ အသိပေးမျှ ဝေသွားရန်၊ ကိုဗစ်-၁၉နှင့် ပတ်သက်၍ နောက်ဆုံး တွေ့ရှိချက်များအား အခြေခံကာ မွမ်းမံပြင်ဆင် ရေးဆွဲထားသော ကိုဗစ်-၁၉ လူနာများ ဆေးရုံဆင်းခွင့် သတ်မှတ်ချက်ကို ချက်ချင်းဖြန့်ဝေသွားရန်၊ ကိုဗစ်-၁၉ လူနာများတွင် တွေ့ရှိရသော ရောဂါလက္ခဏာများ၊ အခံရောဂါရှိသူများတွင် ကိုဗစ်-၁၉ ဖြစ်ပွားပါက သေဆုံးမှု အန္တရာယ်အထိပြင်းထန်နိုင်သော အခံရောဂါအမျိုးအစားများ၊ လူနာများအား ကုသရာတွင် တွေ့ရှိရသည့် ထူးခြားမှုများနှင့် အတွေ့အကြုံများအား ဆေးရုံအသီးသီးသို့ အီးမေးလ် ဖြင့် အမြန်ဆုံးဝေမျှပေးပို့ရန်၊ ဆေးရုံများတွင် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ခြင်းကို လိုက်နာ ကျင့်သုံးမှု ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာ လူနာဆောင်အလိုက် ကြီးကြပ်သူများ တာဝန်ပေးအပ်ရန်၊ COVID-19 Clinical Management Committee ၏ Videoconferencing စနစ်ဖြင့် ပြုလုပ်သော အစည်းအဝေးများတွင် တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံများမှ အထူးကု ဆရာဝန်များ တက်ရောက်ရန်၊ ရောဂါကူးစက်ပြန့်ပွားမှု များပြားနေသော ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိလာသူများအား စီမံခန့်ခွဲရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ဆေးရုံများတွင် စေတနာ့ဝန်ထမ်းများအဖြစ် ကူညီဆောင်ရွက်သူများအား ဝန်ကြီး ဌာနမှ ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပေးအပ်ရန်၊ မဟာဘွဲ့သင်တန်း (နောက်ဆုံးနှစ်) တက်ရောက်နေသူ ဆရာဝန်များ၊ သူနာပြုမဟာဘွဲ့နှင့် အထူးပြုသူနာပြု ဒီပလိုမာသင်တန်းများ တက်ရောက်နေသည့် သူနာပြုများမှ "မိမိဆန္ဒအလျောက်" ကိုဗစ်-၁၉ ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုသူများအား တာဝန်ပေးအပ်နိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ စီစဉ်ဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


