နေပြည်တော် စက်တင်ဘာ ၈
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီ တစ်ရပ် ဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ကော်မတီ ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီနှင့် လုပ်ငန်းကော်မတီ လေးခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မိမိ တို့ လုပ်ငန်းကော်မတီအနေဖြင့် ဆက်လက် အကောင်အထည်ဖော် ရန်ကိစ္စရပ်များကို ဆောင်ရွက်နေ ကြောင်း၊ တိုးတက်မှုရလဒ်များကို နိုင်ငံတကာသို့ ပြသနိုင်ရမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများ အပါအဝင် အသိုက်အဝန်းများ၏ လူနေမှုဘဝ အမှန်တကယ် အဆင်ပြေချောမွေ့ စေရေးအတွက် လက်တွေ့တွင် လုပ်ဆောင်ပေးရန် အရေးကြီးကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီ အဖွဲ့ဝင်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက ရခိုင်ပြည်နယ်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများမှ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ နေရပ်စွန့်ခွာသူများ စိစစ်လက်ခံပြီးနောက် ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ အပါအဝင် ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကော်မတီ၏ ရှေ့ဆက် ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးဖြစ်သည့် ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က သတင်းမှန်ပြန်ကြားရေး၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွက် အကူအညီများကို ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ရယူရာတွင် မိမိတို့ လိုအပ်ချက်နှင့်အညီ ရယူ၍ မြေပြင်တွင် လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန များအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ပြောကြားသည်။
သတင်းစဉ်