စစ်တွေ ၂ ဒီဇင်ဘာ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်က စစ်တွေမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့သို့ သောက်သုံးရေဖြန့်ဝေ ပေးလျက်ရှိသော ကန်တော်ကြီး၌ ရေသိုလှောင်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကန်တော်ကြီးမှ စစ်တွေမြို့သို့ ရေဖြန့်ဝေပေးနေမှု အခြေအနေနှင့် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ရေသိုလှောင် ရရှိမှုနည်းပါးခြင်းတို့ကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့သို့ ရေဖြန့်ဝေပေးနေသော ကန်ပိုင်ချောင်းအမှတ်(၁) ရေကန်၌ ရေသိုလှောင်ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရွှေပြည်သာဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ၊ (၄)ထပ် အဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုနှင့် ရွှေပြည်သာတန်ဖိုးနည်း အရောင်းအိမ်ရာစီမံကိန်း (၄)ခန်းတွဲ၊ (၄)ထပ်အဆောက်အဦများ ဆောက်လုပ်ပြီးစီးနေမှု အခြေအနေတို့ကို သွားရောက်ကြည့် ရှုစစ်ဆေးရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေပြည်သာကျေးရွာအနီး Sittwe Commercial Park (အဝေးပြေးကားဂိတ်တည် ဆောက်ရေးလုပ်ငန်းခွင်) အားသွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းပြီးစီးနေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက် မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဝေးပြေးကားဂိတ်အတွင်း လုပ်ငန်းပြီးစီးနေမှုအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့တွင်းလမ်းများ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ရန် တရားသီးစုရပ်ကွက်၌ ကျောက်များ၊ သဲများနှင့် နိုင်လွန်ကတ္တရာဖျော်စက်များ တတ်ဆင်လုပ်ဆောင် နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


