စစ်တွေ  ၁၀  မေ 

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့လမ်းမတော် တောင်ရပ်ကွက်ရှိ အမျိုးသားဘုန်းတော်ကြီး ကျောင်းတိုက်နှင့် ကယုချောင်းဘုန်းတော်ကြီးကျောင်း တိုက်တို့၌ ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားကျောင်းတိုက်သို့သွားရောက်ပြီး ကျောင်းထိုင် ဆရာတော်အား ဖူးမျှော်ကာ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်း နေရပ်စွန့်ခွာ ပြည်သူများအား တွေ့ဆုံအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကယုချောင်းကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကာ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နေရပ်စွန့်ခွာပြည်သူများအား တွေ့ဆုံပြီး  အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြသည်။

 

နေရပ်စွန့်ခွာပြည်သူများမှာ အမျိုးသားကျောင်းတိုက်တွင် အိမ်ထောင်စု ၂၁ စု၊ ကျား ၃၂ ဦး၊ မ ၃၇ ဦးဖြစ်ပြီး ကယုချောင်းကျောင်းတိုက်တွင် အိမ်ထောင်စု ၆ စု၊ ကျား ၁၇ ဦးနှင့် မ ၁၄ ဦးတို့ဖြစ်ကြသည်။ ၎င်းမိသားစုဝင်များအား ပြည်နယ်ဝန်ကြီးချုပ်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာတစ်လစာအတွက် တစ်ဦးလျှင် ၉၀ဝ၀ နှုန်းဖြင့် ထောက်ပံ့ငွေ ၉ သိန်းနှင့် ကျားလုံချည်၊ မလုံချည်၊ တံဘက်နှင့် တီရှပ်တို့ကို ထောက်ပံ့ပေးအပ်ပြီး ပစ္စည်းရှစ်မျိုးပါ  ASEAN FAIMILY KIT များကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ နေရပ်စွန့်ခွာပြည်သူများမှာ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် စစ်တွေမြို့သို့ ခေတ္တခိုလုံရန် ရောက်ရှိလာကြသူများ ဖြစ်ကြောင်း သိရသည်။ 

 

သတင်းနှင့် ဓာတ်ပုံ- တင်ထွန်း(ပြန်/ဆက်)

 

_DSC