စစ်တွေ ဒီဇင်ဘာ ၁၁

 

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ခိုင်သဇင်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တွေမြို့၊ ဦးဥတ္တမခန်းမအား အကြီးစား ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေမြို့၏ အချက်အချာကျသောနေရာတွင် တည်ရှိသော ခန်းမဖြစ်ပြီး နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် အခမ်းအနားများ ကျင်းပရာခန်းမဖြစ်သည့်အတွက် ခေတ်မီဆန်းသစ်ပြီး ရခိုင်ယဉ်ကျေးမှုလက်ရာများဖြင့် သတ်မှတ်ဒီဇိုင်းအတိုင်း စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားကာ ခန်းမပြုပြင်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးဥတ္တမပန်းခြံအတွင်း ဆရာတော်ဦးဥတ္တမရုပ်ထုရင်ပြင် သန့်ရှင်သာယာလှပရေးအတွက် ဆောင်ရွက်နေမှုနှင့် ပန်းခြံသာယာလှပရေးအတွက် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မေယုလမ်းအား လောကာနန္ဒာမီးပွိုင့်မှ မင်းဘာကြီးလမ်းဆုံအထိ လမ်းလယ်ကျွန်း အလျား ၁၅၉၀ ပေကို Concrete Block & Handrail ပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လမ်းလယ်ကျွန်း အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် လမ်းမီးများ စနစ်တကျတပ်ဆင်နိုင်ရေး ဆောင်ရွက်သွားကြရန်နှင့် အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တင်ထွန်း(ပြန်/ဆက်)