စစ်တွေ ၁ ဇူလိုင်
ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ရက်ကန်းပညာအဆင့်မြှင့်တင် ပေးခြင်းသင်တန်းနှင့် ရက်ကန်းစင် ၃၀ ထောက်ပံ့ပေးခြင်းအခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် စစ်တွေမြို့ နယ် ကျောက်တန်းချေကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော် လွင်က အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဖြိုးက ရက်ကန်းပညာအဆင့်မြှင့်တင် ခြင်းသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးက ရက်ကန်းစင် ၃၀ အားလွှဲပြောင်းပေးအပ်ရာ သင်တန်းသူတစ်ဦးကလက်ခံရယူသည်။
ရက်ကန်းပညာ အဆင့်မြှင့်တင်ပေးခြင်းသင်တန်းကို စစ်တွေမြို့နယ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ ၃၀ တက်ရောက်ကြကာ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပြများက တစ်လကြာသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မိရိုးဖလာရက်ကန်းလုပ်ငန်းများမှ စနစ်ကျသည့် ရက်ကန်းလုပ်ငန်း များဖြစ်လာစေရန်၊ အရည်အသွေးပိုမိုကောင်းမွန်ပြီး ဈေးကွက်ထိုးဖောက်လာနိုင်စေရန်၊ လူကြိုက်များပြီး ဈေးကွက်ကျယ်ပြန့် လာသည့်အခါ ဒေသတွင်းရှိ ရက်ကန်းလုပ်ငန်းလုပ်ကိုင်နေသူများ စီးပွားရေးပြေလည်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ရခိုင်လုံချည်များကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကပါသိရှိပြီး စိတ်ဝင်စားမှုများလာစေရန် ရည်ရွယ်ပြီး ယခုသင်တန်းကိုဖွင့်လှစ် ရခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


