ရမ်းဗြဲ ၂၃ ဩဂုတ်

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ Coronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ ရောင်းချပေးနေမှုများကို ယနေ့  နံနက် ၇ နာရီက ရမ်းဗြဲမြို့နယ် အသိပညာပေးရေးနှင့် သတင်းစုဆောင်းထုတ်ပြန်ရေး လုပ်ငန်းကော်မတီဝင်များ၊ ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းခန့်ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ကော်မတီဝင်များ ပူးပေါင်း၍  ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

 

ရှေးဦးစွာ ပူးပေါင်းအဖွဲ့တို့သည် ရမ်းဗြဲမြို့၊ ရမ္မာဝတီမြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်သူများ ပါးစပ်နှာခေါင်းစည်း (MASK) များကို စနစ်တကျတပ်ဆင်၍ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးပြီး လက်သန့်ဆေးရည်များ အခမဲ့ဖျန်းပေးခဲ့ကြသည်။ ဆက်လက်၍ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် အိမ်ဆိုင်များသို့ သွားရောက်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချပေးသွားကြရန် တစ်ဆိုင်ချင်းစစ်ဆေးပြီး ပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

ထို့နောက် လမ်းသွားလမ်းလာပြည်သူများ အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်သွားကြရန် ပညာပေးခြင်း၊ လက်သန့်ဆေးရည်များ အခမဲ့ဖြန်းပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသည့် အသက်အရွယ်ကြီးရင့်သူများအတွက် COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အကြံပြုချက်နှင့် COVID-19 ရောဂါ မိမိကိုယ်တိုင်နှင့် အခြားသူများကိုကာကွယ်ပါ စာသားပါ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခြင်းအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်အမှတ်  ၉၃/၂၀၂၀ အား ပြည်သူများ သိရှိနိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အောင်နိုင် (ရမ်းဗြဲ ပြန်/ဆက်)