နေပြည်တော် ဩဂုတ် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၇ ရက်ထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးစဉ်အတွင်း “ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်း Agricultural Base Industry သို့ သွားရောက်နိုင်ရေးအတွက် ဟာလာစက်များအစား (အသေးစား/ အလတ်စား) တန် (၅၀/ ၆၀) ကျ ခေတ်မီသည့် ဆန်စက်များ တည်ဆောက်နိုင်ရေးနှင့် ဆန်ကို အခြေခံသည့် အဆင့်မြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်စေရေး ကူညီဆောင်ရွက်ပေးရန်” လမ်းညွှန် မှာကြားချက်အရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် မိုင်းယောင်းမြို့နယ်တွင် တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်ကို ဖွဲ့စည်းပေးပြီး တစ်နေ့တန် (၃၀) ကျ ဆန်စက် တည်ဆောက်ရေးလုပ်ငန်းအား ၂၀၂၂ ခုနှစ်၊ မေလတွင် စတင်တည်ဆောက်ခဲ့ရာ ဇူလိုင်လကုန်တွင် တည်ဆောက်ပြီးစီး၍ စမ်းသပ်လည်ပတ်ခဲ့သည်။
အဆိုပါဆန်စက်ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် မိုင်းယောင်းမြို့နယ်၊ နမ့်ယွန်းကျေးရွာ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌနှင့် အသင်းသူ အသင်းသားများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားသည်။
ယင်းနောက် တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌက ဆန်စက်တည်ဆောက်ပုံ လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဒေသခံ တိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက် ဥက္ကဋ္ဌတို့က ဆန်စက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်းယောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး၌ ဦးစီးဌာနများမှ ဝန်ထမ်းများကို သွားရောက်တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်