ရွာငံ ၁၈ ဇူလိုင်
ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ပြည်သူ့ဆေးရုံတွင် Forever Group က ပြင်ဆင်မွမ်းမံလှူဒါန်းသည့် သွားနှင့်ခံတွင်း ဆေးခန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက အဆိုပါပြည်သူ့ဆေးရုံတွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးအာကာလင်းနှင့် ဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဒေသခံပြည်သူများ၊ အလှူရှင် Forever Group မှ CEOနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက သွားနှင့်ခံတွင်းဆေးခန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသဦးစီးအဖွဲ့ဠဉက္ကဋ္ဌတို့က အမှာစကားအသီးသီးပြောကြားကြပြီး အလှူရှင် Forever Group မှ CEO ဦးဝင်းမော်က လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အလှူရှင်က သွားနှင့်ခံတွင်းဆေးခန်းဆိုင်ရာ စာရွက်စာတမ်းများကို ရွာငံမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်ဝင်းလတ်ထံသို့လည်းကောင်း၊ သွားဓာတ်မှန်စက်တစ်လုံးကို ပင်းတယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်ထံသို့လည်းကောင်း၊ ပေးအပ်ရာ အလှူရှင်နှင့် စက်ကိရိယာများ တပ်ဆင်ပေးသော Ever Green Detal Care မှ တာဝန်ရှိသူတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းနှင့် ရွာငံမြို့နယ် ပြည်သူ့ဆေးရုံတွင် သွားနှင့်ခံတွင်းဆေးခန်းကို ပြန်လည်ပြင်ဆက်မွမ်းမံပြီး ခေတ်မီသွားစိုက် ခုံ ၂ ခုံ၊ စက်ကိရိယာပစ္စည်းအပြည့်အစုံအပြင် သွားဓာတ် မှန်ရိုက်စက်ကိုပါ အသုံးပြုကုသနိုင်ခြင်းကြောင့် ဒေသခံပြည်သူများ သွားနှင့်ခံတွင်းရောဂါများ စစ်ဆေး ကုသရေးအတွက် လွယ်ကူအဆင်ပြေသွားပြီဖြစ်၍ ဒေသခံပြည်သူများ ကြည်နူးဝမ်းမြောက် လျှက်ရှိကြောင်း သိရသည်။
သတင်းစဉ်


