တောင်ကြီး ၇ စက်တင်ဘာ
ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်၊ ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ငွေကျပ် သိန်းပေါင်း (၂,၀၉၀) သိန်း တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်း (၆) မျိုး၊ ထပ်မံပေးအပ် လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကော်မတီရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားရာတွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားမီ အချိန်မှစ၍ ရှမ်းပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားတွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေး အထောက်အကူပြု ပစ္စည်းများကို ပထမပိုင်းကာလ၌ တန်ဖိုးကျပ် သိန်းပေါင်း (၅၉,၅၄၂) သိန်းထိ ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ယခု ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန်လာသည့် ကာလတွင်လည်း ရခိုင်ပြည်နယ်အတွက် လိုအပ်သော ကာကွယ်ကုသရေး အထောက်အကူပြု ပစ္စည်း (၇) မျိုးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် ရွေ့လျားကိုယ်ပူချိန် တိုင်းတာစက် (၆)လုံး၊ စုစုပေါင်း ငွေွကျပ် သိန်း (၂၄၀၀) ကို လှူဒါန်းခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ထပ်မံလှူဒါန်းသော ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်း (၆)မျိုး၊ တန်ဖိုးကျပ်သိန်းပေါင်း (၂,၀၉၀) အပါအဝင် စုစုပေါင်း လှူဒါန်းမှုငွေကျပ် သိန်းပေါင်း (၆,၃၇၃၂) သိန်း ရှိပြီဖြစ်ကြောင်းနှင့် လှူဒါန်းမှုများအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
အခမ်းအနားတွင် ကမ္ဘောဇအုပ်စုမှ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းက ငွေကျပ်သိန်းပေါင်း (၂,၀၉၀) သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်း (၆)မျိုးကို ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
(ပြည်နယ် ပြန်/ဆက်)


