မကွေး ၂၃ သြဂုတ်

 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံ/စီးပွားဝန်ကြီး ဦးစိုးညွန့်လွင်နဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ်မှ မကွေးတိုင်းဒေသကြီးတာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ရူပါဝင်းနှင့် အရာထမ်း၊ ဝန်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးသူရစောသိန်းနှင့် တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များသည် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက နတ်မောက်မြို့အားကစားခန်းမ၌ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက မကွေးတိုင်းဒေသကြီးသို့ COVID-19 ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် နတ်မောက်မြို့ နယ်အတွင်းရှိ အခြေခံပြည်သူများအတွက် စားနပ်ရိက္ခာများ၊ အလှူငွေများနှင့် ခိုင်းနွားများအတွက် အစာများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံ/စီးပွားဝန်ကြီး ဦးစိုးညွန့်လွင်က လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့  နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတိုက်အတွက် ငွေကျပ် (၂၆)သိန်းကျော် တန်ဖိုးရှိ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ နတ်မောက်မြို့ ဗိုလ်ချုပ်ပြတိုက်အတွက် ငွေကျပ်သိန်း(၁၀၀)ကို လည်းကောင်း၊ ပြည့်သူ့ဆေးရုံ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပြည်သူများအတွက် တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀)စီအပါအဝင် ငွေကျပ်သိန်း (၅၀)ကို လည်းကောင်း၊ နတ်မောက်ကွန်ယက် ပရဟိတလူမှုအကျိုးပြုအသင်းနှင့် ရင်ခွင်မဲ့လျှော့ချရေး လူမှုအကျိုးပြုအသင်းအတွက် ငွေကျပ်(၁၀)သိန်းစီကို လည်းကောင်း၊ ခိုင်းနွားများအတွက် နွားစာမြက်များ၊ ဖွဲနုများဝယ်ယူနိုင်ရန်အတွက် ငွေကျပ်သိန်း(၁၂၀)ကို လည်းကောင်း၊ သမြှားကျေးရွာရန်ပုံငွေအတွက် ငွေကျပ်(၁၀)သိန်းကို လည်းကောင်း၊ ရုံးဆိပ်ကျေးရွာ မီးလင်းရေးအတွက် ငွေကျပ်သိန်း(၅၀)ကို လည်းကောင်း စုစုပေါင်းတန်ဖိုးငွေကျပ် (၅၇၄)သိန်းကျော်ကို ပေးအပ်လှူဒါန်းသည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားရာတွင် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီအနေနဲ့ မကွေးတိုင်းဒေသကြီးကို အခုလိုလာရောက်လှူဒါန်းခြင်းဟာ ဒုတိယအကြိမ်ရှိပြီဖြစ်ကြောင်း၊ ဒီကော်မတီကို အဓိကပံ့ပိုးကူညီ လှူဒါန်းပေးနေသော ကမ္ဘောဇဘဏ်သည် ၂၀၁၅ ခုနှစ်ကတည်းကပင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ရေကြီးရေလျှံမှုတွင် ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသမှုများဆောင်ရွက်နိုင်ရန် လှူဒါန်းခဲ့ခြင်း၊ ၂၀၁၆ ခုနှစ်က မကွေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၁၀၀၀) မတည်လှူဒါန်းခဲ့ခြင်း၊ ရေရှားပါးမှုမရှိစေရေးအတွက် စက်ရေတွင်းပေါင်း(၂၀) တူးဖော်လှူဒါန်းခဲ့ခြင်း၊ ရေနံချောင်း၊ ချောက်နှင့် နတ်မောက်မြို့များသို့ ငွေကျပ်သိန်းပေါင်း(၂၂၅၀) တန်ဖိုးရှိဂါလန် (၃၀၀၀)ဆံ့ ရေသယ်ယာဉ်(၅)စီး လှူဒါန်းခဲ့ခြင်း၊ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပြည်သူများ COVID-19 ကြောင့် စားနပ်ရိက္ခာအခက်အခဲမရှိစေရန် ဆန်အိတ်ပေါင်း(၁၀၀၀) ပေးပို့လှူဒါန်းခဲ့ခြင်း၊ ၂၀၁၆ ခုနှစ် ဧပြီလတွင် အယ်နီညိုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သည့် လယ်ယာသုံးခိုင်းနွားများအတွက် တစ်ကောင်လျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တောင်သူလယ်သမားများဘဝ ပြန်လည်ထူထောင်နိုင်ရန် ကူညီပံ့ပိုးလှူဒါန်းခဲ့ခြင်း၊ ဇူလိုင်လအတွင်းက မိုးခေါင်သည့်ဒဏ်ကြောင့် အစာရေစာပြတ်လပ်နေသည့် ခိုင်းနွားများအတွက် အစာများဝယ်ယူနိုင်ရန် လှူဒါန်းခဲ့ခြင်း၊ ယခုဆိုလျှင်လည်း ငွေကျပ်(၅၇၄)သိန်းကျော်တန်ဖိုးရှိ ကာကွယ်ကုသရေးအထောက်အကူပြု ပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ တိရစ္ဆာန်အစာများကို လှူဒါန်းခြင်း၊ အထက်ပါ ပေးအပ်လှူဒါန်းခြင်း အသီးသီးအတွက် အထူးပင် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

 

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်း (၁၅၀၀၀) လှူဒါန်းထားရှိသည့် ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် COVID-19 ကူးစက်မြန်ရောဂါ မဖြစ်ပွားခင်အချိန် ဖေဖေါ်ဝါရီလ (၂၆)ရက်မှ စတင်ကာ ယနေ့အချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ်(၅၉,၅၄၂)သိန်း သိန်းပေါင်း လှူဒါန်းထားရှိကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူအတွက် ယနေ့အချိန်ထိ လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး  ကဏ္ဍအသီးသီးတွင် အလှူငွေ စုစုပေါင်း ကျပ် (၁၆၆)ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

သန်းနိုင်ဦး(ငဖဲ)