ဆီဆိုင် ၂၄ မေ
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ စက်မှုလယ်ယာဦးစီးဌာနနှင့် မြင့်နှင့်ဇော်ကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ ကွင်းအမှတ (၉-ခ)၊ (၁၀-က) စက်မှုလယ်ယာစနစ်ကျ လယ်မြေဧက (၂၀ဝ) ဖော်ထုတ်ခြင်းလုပ်ငန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ ၂၃ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုရာ စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူး ဦးလှထွန်းက အဆင့်မြင့်လယ်ယာဖော်ထုတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ လယ်ယာမြေဖော်ထုတ်နေမှုကို ကြည့်ရှုခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကို ရောက်ရှိရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး၊ တောင်ကြီးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းမှ သင်တန်းကျောင်းနှင့် ပတ်သက်၍ Projector ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ One Stop Shop ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး ဒေသခံပြည်သူများအတွက် ပြုလုပ်ပြီးသော နိုင်ငံသားစိစစ်ရေးကဒ်ပြားများ၊ အိမ်ထောင်စုဇယားများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို ဒေသခံပြည်သူများထံသို့ အသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများနှင့် ဆက်လက်တွေ့ဆုံ၍ တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တက်ရောက်လာသော ဒေသခံပြည်သူများအား အခမဲ့ဆေးဝါးများကုသပေးခြင်းလုပ်ငန်းများကို ကြည့်ရှုပြီး အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)