တောင်ကြီး ၁၇ ဩဂုတ်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ ညနေ (၃) နာရီက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ၂ဝ၁၉-၂ဝ၂ဝ စတုတ္ထတစ်နှစ်တာ ကာလအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး အချို့ကဏ္ဍများတွင် အားသာချက်၊ အားနည်းချက်များ တွေ့ရှိရမည်ဖြစ်ပြီး အချို့ကဏ္ဍများတွင် အားနည်းချက်များလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုစတုတ္ထနှစ် တစ်နှစ်တာကာလတွင် တွေ့ရှိကြရသည့် အားသာချက်၊ အားနည်းချက်များကို နမူနာယူပြီး ပြည်နယ်အစိုးရအဖွဲ့၏ မူဝါဒနှင့်အညီ ရည်မှန်းချက် လုပ်ငန်းတာဝန်များကို အစိုးရ၊ လွှတ်တော်၊ လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ ပြည်သူများနှင့်အတူ ရှမ်းပြည်နယ်ကြီး ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်အောင် လက်တွဲကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အခြေစိုက် သတင်းမီဒီယာများ ဖြစ်ကြသည့် 7Day News၊ Eleven Media၊ MRTV(NRC) ၊ Sky Net ရုပ်သံ၊ DVB ၊ တာချီလိတ် News Agency၊ ကမ္ဘောဇတိုင်းမ်၊ Eastern Review ၊ ရှမ်းသံတော်ဆင့် သတင်းဌာန၊ The People Voice ဂျာနယ် စသည့် သတင်းမီဒီယာ (၂ဝ) က မြေယာကဏ္ဍ၊ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ကာလအတွင်း ရှမ်းပြည်နယ်အတွက် စီးပွားရေး ထိခိုက်နစ်နာ ဆုံးရှုံးမှုနှင့် ပညာရေးကဏ္ဍ စသည့်မေးခွန်းများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
