တောင်ကြီး ၁၈ စက်တင်ဘာ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် COVID-19 ထိန်းချုပ်တားဆီးကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း(၃၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ ပေးအပ်လှူဒါန်းရာ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့မှ လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်မိခင်နှင့် ကလေးဆေးရုံကြီးတွင်လည်း အလှူငွေကျပ်သိန်း(၃၀) သွားရောက်ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးမှ လက်ခံရယူကြကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မြင့်ဝင်းက ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၏ ဖွဲ့စည်းပုံဝန်ထမ်းအင်အား၊ လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း လာရောက်တင်သွင်းမှု၊ တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း လာရောက်တင်သွင်းမှု၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ရုပ်သိမ်း/ပယ်မှုအခြေအနေနှင့် အမည်စာရင်း၊ ရှမ်းပြည်နယ်တွင် ပါဝင် ယှဉ်ပြိုင်သောပါတီများစာရင်း၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ပထမအကြိမ် ကပ်ထားကြေငြာသည့် မြို့နယ်အလိုက် အခြေခံမဲဆန္ဒရှင်အင်အားစာရင်း၊ မဲစာရင်းကပ်ထားစဉ် လာရောက်ကြည့်ရှုသူနှင့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄−ဂ)များဖြင့် လာရောက်လျှောက်ထားသူစာရင်း၊ ရှမ်းပြည်နယ်၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် လျာထားမဲရုံများစာရင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်၍ ပထမအကြိမ် မဲပေးမည့်သူများစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များဖြည့်သွင်းရန် လိုအပ်သည့် အရေအတွက်စာရင်းစသည့် ပြည်နယ်ချုပ်စာရင်းများကို ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးစိုင်းထွန်းမြ တို့မှ မဲဆန္ဒရှင်မဲစာရင်းကောက်ခံရရှိမှုများ၊ လုံခြုံရေးကိစ္စရပ်များ၊ လျှပ်စစ်မီးကိစ္စရပ်များ ဆွေးနွေးတင်ပြကြကြောင်းသိရသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းမှ မဲစာရင်းများမှန်ကန်စွာဖြင့် မဲပေးနိုင်ရေးနှင့် လုံခြုံစိတ်ချမှုရှိရေး၊ မြေပြင်အခြေအနေရှိ မဲရုံများတွေ့ရှိမှု ကိစ္စရပ်များနှင့် ဖွဲ့စည်းပုံများကို စောလျင်စွာ ဆောင်ရွက်ထားရန်၊ လျှပ်စစ်မီးရရှိရေး ကိစ္စရပ်များ၊ မဲရေတွက်သည့်အချိန်တွင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် လျှပ်စစ်မီးလုံလောက်စွာရှိရန်၊ မဲရုံ၏အဓိက အခက်အခဲ(၃)ခုဖြစ်သည့် လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ လုံခြုံရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ၍ ဆွေးနွေးသွားကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တင်ပြဆွေးနွေးသည့် ကိစ္စရပ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့တင်ပြကာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွက် ထရန်စဖော်မာ ကိစ္စရပ်နှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သီးခြားအဖွဲ့ခွဲများမှလည်း တင်ပြစရာ ရှိပါကတင်ပြနိုင်ပါကြောင်း ပြောကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားသွားကြောင်း သိရှိရသည်။
ခရိုင်ပြန်ဆက်


