ပုံပါကျင် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ Bp-1 မြန်မာ-ထိုင်း နယ်စပ်ဂိတ်ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာ မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးက မြန်မာနိုင်ငံ၊ တောင်ကြီးမြို့မှ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ ရောက်ရှိသော ကားလမ်းများ၏ ခရီးအကွာအဝေး တည်နေရာပြ Google မြေပုံများဖြင့် ရှင်းလင်းပြီး မိုင်းတုံ-ပုံပါကျင် ပီဘီဝမ်းလမ်းနှင့်ပတ်သက်၍ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များ ဖြည့်စွက်မှာကြား၍ မိုင်းတုံမြိူ့နယ်၊ ပုံပါကျင်မြို့ Bp-1 နယ်စပ်ဂိတ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟွေအော ရော်ဘာစက်ရုံသို့ သွားရောက်ပြီး ရော်ဘာထုတ်လုပ်နေမှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းပြသသည်။ အဆိုပါ စက်ရုံမှ တစ်နေ့လျှင် ရော်ဘာ ၁၅ တန်ထွက်ရှိကြောင်း၊ စက်ရုံကို ကျောက်မီးသွေး ၆၀၀ ကီလိုဝပ် စက်များဖြင့် လည်ပတ်ကာ အလုပ်သမား ၆၀ ဖြင့် ဆောင်ရွက်၍ ထွက်ရှိလာသော ရော်ဘာများကို တာချီလိတ်မြို့သို့ တင်ပို့ပြီး တစ်ကီလိုလျှင် ထိုင်းငွေဘတ် ၃၄ ဘတ်ဖြင့်ရောင်းချရကြောင်း၊ ဟွေအောစက်ရုံ၊ မိုင်းယွန်းတွင် စက်ရုံ နှစ်ရုံ၊ ဝမ်ဟုန်တွင် စက်ရုံ တစ်ရုံ စသည့် စက်ရုံလေးရုံဖြင့် လည်ပတ်လျက်ရှိပြီး စက်ရုံများကို ၂၀၁၆ ခုနှစ်က စတင်လည်ပတ်လျက် ရှိကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နမ့်ဟူးခွန်ကျေးရွာအုပ်စု၊ ဟောင်လိတ်ကျေးရွာနေ တောင်သူ ဦးအားဝူ စိုက်ပျိုးထားသော ကြက်သွန်ဖြူ ရေဖျန်းစနစ်စိုက်ခင်း ၉ ဒသမ ၆၅ ဧကအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူ တစ်ဦးက လိုက်လံရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ထို့နောက် လားဟူတိုင်းရင်းသားအဖွဲ့က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍ လားဟူ တိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ‘ဝ’ဒေသ အထူးအဖွဲ့နှင့် တွေ့ဆုံရာ ‘ဝ’ဒေသအထူးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒေသလိုအပ်ချက်များ တင်ပြရာ ပြည်နယ်ဝန်ကြီးက ဖြည့်စွက်ပြာကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် မိုင်းတုံမြို့နယ် နားကောင်းမူးအခြေခံပညာ အထက်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုင်းတုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်သည်။ ထို့နောက် mask နှင့် လက်ဆေးရည်ဘူးတို့ကို တာဝန်ရှိသူများက အသီးသီးထောက်ပံ့ရာ မိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မိုင်းတုံပြည်သူ့ဆေးရုံမှ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသက်ခိုင်မင်းတို့က လက်ခံရယူသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုင်းတုံမြို့၊ မွေတော်ကျောင်း ပြည်နယ်သံဃဝန်ဆောင် မြို့မ မွေတော်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ စာရိန္န မဟာသဒ္ဒမ္မဇောတိကဓဇ မဟာထေရ်မြတ် သက်တော် ၁၀၀၊ သိက္ခာတော် ၈၀ ၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကာ ကျောင်းရှိ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
မောင်မောင်သန်း(တောင်ကြီး)