နေပြည်တော် ဇန်နဝါရီ ၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် မိုင်းတုံမြို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းမှူးဗိုလ်ချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူ များ ၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်သုံးခု၌ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပသည့် ၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁)၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ဆွေးနွေးပြီး အပိုင်း (၂)တွင် ပါဝင်သည့် မိုင်းတုံမြို့နယ်၌ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းမှူးက ရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပရာတွင် မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်အေးချမ်းစွာနှင့် အဆင်ပြေ ချောမွေ့စွာဆန္ဒမဲပေးနိုင်ရေး၊ တိုင်းရင်းသားများ ဒေသဖြစ်၍ ဘာသာစကားအခက်အခဲ မရှိစေရန် ကြိုတင်ဆောင်ရွက်ထားရှိရေး၊ ဆန္ဒမဲပေးရန်စောင့်ဆိုင်းစဉ် နားနေရန်ယာယီတဲနှင့်ထိုင်ခုံများ၊ သောက်ရေများ စီစဉ်ထားရှိရေး၊ တောင်ပေါ်ကျေးရွာများအတွက် ကြို/ပို့ မော်တော်ယာဉ်များ အဆင်သင့် စီစဉ်ထားရှိရေး၊ ကျန်းမာရေးကဏ္ဍအတွက် ဆေးအဖွဲ့များနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


