ကျိုင်းတုံ  ၂၁     သြဂုတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆုံဆို့နာရောဂါဖြစ်ပွားပြီး သြဂုတ်လ ၂၀ ရက်နေ့ထိ  ဆေးရုံ တက်ရောက်ကုသသူ ၄၈ ဦး ရှိပြီး ဆေးရုံဆင်းသူ  ၃၀ ရှိကာ သေဆုံးသူ ၆ ဦးရှိကြောင်း သိရသည်။

 

ဆုံဆို့နာရောဂါ ဖြစ်ပွားခဲ့သည့် ကလေးငယ်များမှာ ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံးကြီးသို့ ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ လာရောက် ဆေးကုသမှုခံယူခဲ့ကြကာ သြဂုတ် ၂၀ ရက်နေ့ထိ တက်ရောက် ကုသမှုခံယူသူ ၃၇ ဦးရှိလာပြီး ဆေးရုံဆင်းခွင့်ရသူ ၁၆ ဦး၊ လက်ရှိကုသနေသူ ၁၆ ဦး၊ သေဆုံးသူ ၅ ဦး ရှိကြောင်း သိရသည်။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆုံဆို့နာရောဂါ သည် မိုင်းခတ်၊ မိုင်းဖြတ်၊ တာလေ၊ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်များတွင်  အများဆုံးဖြစ်ပွားခဲ့ပြီး အသက် ၁၀ နှစ်ဝန်းကျင်၊ ဆယ်ကျော် သက်များနှင့် အကြိမ်ပြည့် ကာကွယ်ဆေးမထိုးနှံသည့် ကလေးများတွင် အဖြစ်များကြောင်း၊ ဆုံဆို့နာသည် ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ အထွေထွေ ရောဂါကု ဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းထံမှ သိရသည်။

 

ဆုံဆို့နာရောဂါကြောင့် သေဆုံးသူ တာချီလိတ်မြို့နယ်မှ ၅ ဦးနှင့် မိုင်းခတ်မြို့နယ်မှ ၁ ဦး စုစုပေါင်း ၆ ဦး ရှိပြီး  ဆုံဆို့နာရောဂါမကူးဆက်စေရန် နှာခေါင်းစည်းတပ်ဆင်အသုံးပြုရန်၊ လူထူထပ်သည့် နေရာများသို့ သွားလာခြင်း မပြုရန်၊ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်  ငါးမျိုးစပ် ကာကွယ်ဆေးကို ကလေးအသက် (၂)လ၊ (၄)လ၊ (၆)လအရွယ်တွင် အခမဲ့ထိုးနှံပေးလျက်ရှိရာ ကလေးငယ်များအား ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)