နေပြည်တော် စက်တင်ဘာ ၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့်အတူ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ လွယ်မွေကျေးရွာအုပ်စု၊ ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်တော်အတက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် ထားရှိမှုနှင့် ဗုဒ္ဓဥယျာဉ်အတွင်း ဆေးပေးခန်းဆောက်လုပ်နေမှုကို လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များမှာကြား ဖြည့်ဆည်းပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် လွယ်မွေမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များနှင့် တွေ့ဆုံအမှာ စကားပြောကြား၍ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အခြေခံပညာ အထက်တန်းကျောင်း(လွယ်မွေ)သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ ဆရာမများကိုတွေ့ဆုံ၍ ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများနှင့် အဆောက်အဦ လိုအပ်ချက်များ အပေါ်မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ ပညာရည်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဝန်ထမ်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ ငွေ၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာများ၊ အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့် သင်တန်းကျောင်းဝန်းများအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသော ကျိုင်းတုံမြို့နယ်၊ နမ့်ခင်ချောင်း ဝဲ/ယာတွင် နေရောင်ခြည်သုံး ဆိုလာရေတင်စနစ်ဖြင့် ချောင်းရေတင်ခြင်း လုပ်ငန်းအား သွားရောက် ကြည့်ရှုလေ့လာသည်။ ယင်းနောက် မိုင်းခတ်မြို့၊ ဝမ်ခုတ်ကျေးရွာတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သည့် နမ့်လွေချောင်းမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေးလုပ်ငန်း (Pilot Project)ဖြင့် သီးထပ်သီးညှပ်များတိုးချဲ့ စိုက်ပျိုးနိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်းခတ်- မိုင်းညှင်းလမ်းပိုင်း ၂၂/၀ မိုင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် မိုင်းခတ်မြို့နယ်၊ ဖာလံကော် ကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသော ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်းအား သွားရောက် လေ့လာကြည့်ရှုပြီး တောင်သူများအား သီးထပ်သီးညှပ်များ စဉ်ဆက်မပြတ်စိုက်ပျိုး၍ လူမှုစီးပွားဘဝ တိုးတက်အောင် ဆောင်ရွက်ကြရေး တိုက်တွန်းအားပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၁ -၂၀၂၂(၆) လ ဘဏ္ဍာကာလ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက် ကျေးရွာအုပ်စု၊ မက်ကျန်း- တုံကွမ်ရွာတွင်းလမ်း ၂၃၁၀ ပေ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းနှင့် နမ့်အောချောင်း ၂၅ ပေ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်း တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဒေသခံတိုင်းရင်းသားပြည်သူများက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ဆန်နှင့် ဆီများ လှူဒါန်းထောက်ပံ့ ခဲ့ကြသည်။ ဆက်လက်၍ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကတ်ထိုက်- လွယ်ပန်တောင်း- အင်ဂိုလုံလမ်း ၃၃မိုင် ၅ဖာလုံ ပေါ်တွင် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)