နေပြည်တော် စက်တင်ဘာ ၁၁

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ၂၀၂၁-၂၀၂၂ (၆) လ ဘဏ္ဍာရေးကာလတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း လုပ်ငန်း ၆၃ ခု အတွက် ခွင့်ပြုရန်ပုံငွေ ၅၉၄၁ ဒသမ ၃၆၀ သန်းဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း လုပ်ငန်း ၇၂ ခု အတွက် ခွင့်ပြုရန်ပုံငွေ ၅၉၁၉ ဒသမ ၉၈၆ သန်းဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း လုပ်ငန်း ၇၂ ခု အတွက် ခွင့်ပြုရန်ပုံငွေ ၇၄၈၇ ဒသမ ၃၁၆ သန်းဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း လုပ်ငန်း ၈၁ ခု အတွက် ခွင့်ပြုရန်ပုံငွေ ၉၄၂၅ ဒသမ ၁၆၀ သန်းဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့်အတူ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂ (၆) လ ဘဏ္ဍာရေး ကာလတွင် ကျိုင်းတုံမြို့ သောက်သုံးရေ ဖူလုံရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပြီး စီးခဲ့သော ၈ လက်မ ဂျီအိုင်ပိုက် ၃ ဒသမ ၂၆ မိုင် သွယ်တန်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိစစ် ဆေးသည်။

 

ဆက်လက်၍ ကျိုင်းတုံ - တောင်ကြီး လမ်းခွဲမှ ပန်မတ်ကျေးရွာအဝင်လမ်း ၁၃ မိုင်အနက် ၃ မိုင် ကျောက်လမ်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းခွင်ကိုလည်းကောင်း၊ မိုင်းပျဉ်းမြို့ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်း ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း၌ ပညာသင်ကြား လျက်ရှိသော ဒေသခံတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအတွက် ပေ ၁၀၀ x ၃၀ နှစ်ထပ်အိပ်ဆောင် ၁ လုံးနှင့် ၈ ခန်းတွဲ သန့်စင်ခန်း ဆောက်လုပ်ခြင်း လုပ်ငန်းခွင်များကို လည်းကောင်း၊ မိုင်းပျဉ်း - မိုင်းဆတ်လမ်းပေါ်တွင် တည်ဆောက်ထားသော စွန်တောင်းချောင်းကူး ပေ ၉၀ ဘေလီတံတား ရေတိုက်စားခြင်းကြောင့် ကမ်းကပ်ခုံနှင့် ရေလယ်တိုင် ပျက်စီးမှုကို ပြန်လည် ပြုပြင်ခြင်းနှင့် ခံနိုင်ဝန် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ မိုင်းပျဉ်းမြို့နယ်၊ ဟိုခိုကျေးရွာတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် နမ့်ပိန်းချောင်းမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင်မည့် အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကွန်ဟိန်းမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ သင်တန်းသူများကို အမှာစကား ပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ကာ သင်တန်းကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နမ့်စန်မြို့နယ်၊ ဟိုင်းနားကျေးရွာအုပ်စု၊ နောင်ငင်းကျေးရွာတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် နမ့်လတ်ချောင်းမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ သီးထပ်သီးညှပ် စဉ်ဆက်မပြတ် တိုးချဲ့စိုက်ပျိုး၍ ဝင်ငွေ တိုးတက်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားကာ တောင်သူများအတွက် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လွိုင်လင်မြို့ရှိ သာသနာ့ဗိမာန် ဆရာတော်အား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ကျောင်းဝင်းအတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သည့် မုခ်ဦး၊ ဆွမ်းချက်ဆောင်၊ သန့်စင်ခန်း၊ အုတ်တံတိုင်းကာရံခြင်း၊ အတွင်းပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် သာသနာ့ဗိမာန် အပေါ်ထပ် မျက်နှာကျက် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ပင်လုံမြို့ရှိ မူလမင်းကွန်း ဇေတဝန် သာသနာ့မာန်အောင် ကမ္မဋ္ဌာန်းကျောင်းတိုက် အဝင်လမ်း ၁၃၂၁ ပေ ကတ္တရာခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ စွန်းလွန်း ဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ၆၀ × ၃၇ ပေ RC နှစ်ထပ် ကျောင်းဆောင် ဆောက်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သောကိစ္စများကို စီမံဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပင်လုံမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ အမှာစကားပြောကြား၍ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်းပွန်မြို့အနီး ပွန်ချောင်းမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့် နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ရင်းရင်းနှီးနှီး‌တွေ့ဆုံဆွေးနွေးကာ ရေပေးဝေနိုင်မည့် စိုက်ပျိုး ဧကများကို ကြည့်ရှုစစ်ဆေး၍ ဒေသခံများ၏ ရေအားသုံး ရေတင်ဘီးစနစ်ကို အသုံးပြု၍ စိုက်ပျိုးရေတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လေ့လာကြည့်ရှုသည်။

 

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့နယ်၊ ထပ်အိမ်ဂူပရဟိတ ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပြီး ဆရာတော်အား ဖူးမြော်၍ ဆွမ်းဆန်တော်၊ ဆီများ ဆက်ကပ် လှူဒါန်း၍ အဆိုပါ ကျောင်းတိုက်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပညာ သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံများ လှူဒါန်းထောက်ပံ့ပေးသည်။ ထို့နောက် ကျောင်းတိုက်အတွင်း ပေ ၁၀၀ x ၃၀ RC နှစ်ထပ် အိပ်ဆောင်ဆောက်လုပ်နေမှုနှင့် ၈ ခန်းတွဲ သန့်စင်ခန်း ဆောက်လုပ်နေမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သော ကိစ္စရပ်များကို စီမံဆောင်ရွက်ပေးသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာ့ဆိုင်းဝိုင်း တီးခတ် ဖျော်ဖြေမှုအား ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်