လားရှိုး   ၂  စက်တင်ဘာ 

 

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့ များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေ ၆ ရက်မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။

 

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာ ၂ ရက်တွင် နေရပ်ပြန်ပြည်သူ အမျိုးသား  (၂၈)ဦး ၊ အမျိုးသမီး(၃၁)ဦး စုစုပေါင်း (၅၉)ဦးတို့အား လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့သည်။ အဆိုပါ နေရပ်ပြန် ပြည်သူ(၅၉)ဦးတို့တွင် ကချင်ပြည်နယ်မှ(၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၉)ဦး၊ ပဲခူး တိုင်းဒေသကြီးမှ (၁၀)ဦး ၊ မကွေးတိုင်းဒေသကြီးမှ (၁၇)ဦး၊  နေပြည်တော်မှ (၂)ဦး ၊ မန္တလေးတိုင်းဒေသ ကြီးမှ(၁၂)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၄)ဦးတို့ ဖြစ်သည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျစိစစ်၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေ ၆ ရက်မှ  စက်တင်ဘာ ၂ ရက်အထိ နေရပ်ပြန် ပြည်သူအမျိုးသား  (၉၆၁၈)ဦး၊ အမျိုးသမီး(၆၀၆၅)ဦး စုစုပေါင်း (၁၅၆၈၃)ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့  ကြောင်း သိရသည်။

 

နန်းသန္တာဦး(ပြည်နယ်၊ ပြန်/ဆက်)