ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် လွိုင်ကော်ဒေသတို့တွင် တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
ဒီနေ့ ရှမ်းမြောက်ဘက်ရယ်၊ လွိုင်ကော်ဘက်၊ ရခိုင်ပြည်နယ်ဘက်၊ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာတော့ တာမိုးညဲ အရှေ့မြောက်ဘက်လောက်မှာ တိုက်ပွဲများဖြစ်ပွားခဲ့တာရှိပါတယ်။ သိန်းနီအခြေအနေကတော့ သိန်းနီမြို့မှာ ရှိနေတဲ့ဌာနချုပ်အနေနဲ့ သိန်းနီမြို့ထဲမှာ ပြန်လည်လုံခြုံမှု ရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ လွိုင်ကော်မှာတော့ ဒီမနက် ၈ နာရီလောက်က KNPP နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ စစ်ရေးနဲ့မသက်ဆိုင်တဲ့ လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်တာရှိတယ်။ ပြီးရင်အထဲမှာရှိနေတဲ့ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ဖို့ လုပ်ခဲ့တာရှိတယ်။ ဒါတွေကိုတော့ နယ်မြေခံလုံ ခြုံရေးတပ်ဖွဲ့ဝင်တွေက တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေ ထိခိုက်မှုမရှိစေရေး ဘေးကင်းရာနေရာသို့ ပို့ဆောင်ရေး ဆောင်ရွက်လျက်ရှိတယ်။ ဆောင်ရွက်လျက်ရှိတဲ့အခါမှာတော့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ သောင်းကျန်းသူတွေဆီကနေ အလောင်းလက်နက်တွေ တော်တော်များများ ရလိုက်တယ်။ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ/ ဆရာမတွေကိုတော့ ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်တယ်။ ဆက်လက်ပြီး ကျန်ရှိနေတဲ့လူတွေကိုလည်း ကယ်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိတယ်။ စစ်ရေးနဲ့မသက်ဆိုင်တဲ့ကျောင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာ KNPP နဲ့ အဲဒီမှာရှိတဲ့ PDF တွေရဲ့ ယုတ်မာရိုင်းစိုင်းမှုဖြစ်တယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။ ရခိုင်ဘက်မှာတော့ နယ်ခြားစောင့် ရဲကင်းစခန်းငယ် တစ်ခုဖြစ်တဲ့ ဒုံးပိုက်ရဲကင်းစခန်းကို မနက် ၅နာရီလောက်က AA အနေနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်တာမျိုး ဆောင်ရွက်ခဲ့တာရှိတယ်။ ကျွန်တော်တို့အနေနဲ့ ကြည်း၊ ရေ ပူးပေါင်းစစ်ဆင်ပြီး ချေမှုန်းလျက်ရှိတယ်။ စစ်ကိုင်းဘက်မှာတော့ ထီးချိုင့် မနေ့က ကျွန်တော်ပြောခဲ့တဲ့အခြေအနေက ထီးချိုင့်မြို့ကို ပြန်လည် ထိန်းသိမ်းနိုင်တဲ့ အခြေအနေရှိတယ်။ ထီးချိုင့်အနီးတစ်ဝိုက်မှာတော့ ဆုတ်ခွာသွားတဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေရှိနေနိုင်တယ်။ ဒါတွေကိုတော့ လိုက်လံချေမှုန်းလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ သောင်းကျန်းသူများအနေနဲ့ ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေကို သူတို့နာမည်ခံနေတဲ့ ဒီမိုကရေစီ အရေးဆိုတဲ့ဟာထက် ပြည်သူပိုင်ပစ္စည်း၊ နိုင်ငံပိုင်ပစ္စည်း၊ ပညာရေး၊ ကျန်းမာရေး ဒါတွေကိုပဲ ဖျက်လိုဖျက်ဆီး လုပ်နေတာဖြစ်တယ်။ ဒီလိုနေရာတွေမှာ ဝင်ရောက်နေရာယူပြီး စစ်ရေးအဆောက်အအုံအဖြစ် အသုံးချနေတာမျိုးတွေရှိတယ်။ စစ်ကိုင်းတိုင်းဘက်မှာလည်း အဲဒီလိုပါပဲ။ ပညာရေးအဆောက်အအုံတွေ၊ ကျန်းမာရေး အဆောက်အအုံကိုသိမ်းပိုက်ပြီး ကတုတ်ကျင်းတွေတူးတယ်။ ဘန်ကာတွေဆောက်တယ်။ ဒီအထဲမှာဝင်ရောက်ခိုအောင်း နေထိုင်တာမျိုးဖြစ်တယ်။ တပ်မတော်အနေနဲ့ ဒါတွေကိုတိုက်ခိုက်တဲ့နေရာမှာ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေ တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက သိရှိထားဖို့လိုအပ်ပါတယ်။ လွိုင်ကော်မှာဖြစ်တဲ့ တက္ကသိုလ်ကို တိုက်ခိုက်မှုဆိုရင် ဘာမှစစ်ရေးပစ်မှတ် မသက်ဆိုင်တဲ့နေရာကို တိုက်ခိုက်တာမျိုးပဲဖြစ်တယ်။ ဒီလိုယုတ်မာရိုင်းစိုင်းတဲ့ အကြံအစည်မျိုးရှိတဲ့ သောင်းကျန်းသူတွေကို ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းဆန့်ကျင်ပြီး အမြစ်ပြတ် ချေမှုန်းသွားရမှာဖြစ်တယ် လို့ပဲပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။