တောင်ကြီး ၇ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်ဖြစ်သည့် တောင်လေးလုံးစစ်ဆေးရေးဂိတ်အား သြဂုတ် ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီး နေ့စဉ်နံနက်(၆)နာရီမှ ည(၆)နာရီအထိ ဖွင့်လှစ်ကာ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်း (၂)ဦး၊ ရဲဝန်ထမ်း (၂)ဦး၊ ကျန်းမာရေးဝန်ထမ်း(၂)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် (၄)ဦး၊ ယာဉ်ထိန်းတပ်ဖွဲ့(၁)ဦး၊ စေတနာ့ဝန်ထမ်း(၄)ဦး၊ စုစုပေါင်း (၁၅)ဦးဖြင့် ပူးပေါင်း၍ တောင်လေးလုံးဂိတ်၌ ဖြတ်သန်းသွားလာသည့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအား အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် မေးမြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၄ ရက်အထိ အဆိုပါဂိတ်တွင် ဖြတ်သန်းသွားလာသည့် ကား(၆၉၃၇)စီးနှင့် ဆိုင်ကယ် (၃၁၄၉)စီးပေါ်၌ လိုက်ပါလာသည့် ခရီးသည် အမျိုးသား (၁၃၇၈၄)ဦး၊ အမျိုးသမီး (၈၂၅၈)ဦး၊ စုစုပေါင်း (၂၂၀၄၂)ဦးတို့အား စစ်ဆေးဆောင်ရွက်နိုင်ခဲ့တယ်လို့ တောင်ကြီးမြိူ့နယ် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောသည်။
“တောင်ကြီးမြို့နယ်၊ တောင်လေးလုံးဂိတ်တွင် ဖြတ်သန်းလာသည့် ပြည်သူများကို ဘယ်ဒေသက လာရောက်တယ်ဆိုတာကို စစ်ဆေးတယ်၊ ဖြတ်သန်းလာသည့် ခရီးသည်များတွင် သံသယရှိဖွယ် ဖြစ်ပါက ကျန်းမာရေးဆိုင်ရာ အထောက်အထားများဖြင့် စစ်ဆေးခြင်းနှင့် ခရီးသွားလာခြင်း မှတ်တမ်းတင် ထားရှိနိုင်ရေးအတွက် တောင်လေးလုံးဂိတ်ကို စတင်ဖွင့်လှစ်ရခြင်းဖြစ်တယ်၊ တောင်လေးလုံးဂိတ်တွင် ဖြတ်သန်းလာသူများ ဘယ်ဒေသမှမဆို ဝင်ရောက်လာမည်ဆိုပါက သက်ဆိုင်ရာ ခရီးသွားလာခြင်း ထောက်ခံစာများ ယူလာရမယ်၊ ဆိုလိုချင်တာကတော့ ခရီးသွား ထောက်ခံစာဆိုတာ မိမိဘယ်ဒေသတွင် နေထိုင်တယ်၊ နေထိုင်တဲ့ရပ်ကွက်မှ ထောက်ခံစာဖြင့် တောင်ကြီးမြို့ကို ဘာကိစ္စဖြင့် သွားလာမယ်ဆိုသည့် အထောက်အထားကို ယူလာရန် သတ်မှတ် ထားပါတယ်၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နေရာများဖြစ်သော Saty at Home ဒေသများ ရှိပါတယ်၊ ၎င်းဒေသမှ ဝင်ရောက်လာသည့် ပြည်သူများက အမှန်မပြောကြဘူး၊ လိမ်ညာပြောဆိုတဲ့အတွက် ရောဂါထိန်းချုပ်ရတာ အခက်အခဲများစွာဖြစ်တယ်၊ အဲဒါကြောင့် မှန်မှန်ကန်ကန်ဖြစ်နိုင်ရန် ခရီးသွားထောက်ခံစာများယူလာရန် မေတ္တာရပ်ခံပါတယ်၊ ရခိုင်ပြည်နယ် အပါအဝင် Saty at Home သတ်မှတ်ထားသည့်နေရာမှ ဝင်ရောက်လာသည့်ပြည်သူများ၊ ပြည်ပမှ ဝင်ရောက်လာသည့် ပြည်သူများ၊ Quarantine Center မဝင်ရသေးသူများ တောင်ကြီးမြို့ကို လာမည်ဆိုပါက သတ်မှတ်ထားသော Quarantine Center တွင် သွားရောက်ဝင်ရမယ်၊ ကျန်သည့်ဒေသမှ ဝင်ရောက်လာသည့် ပြည်သူများ တိကျမှန်ကန်သော ထောက်ခံစာများ တင်ပြနိုင်ပါက ဝင်ရောက်စရာ မလိုဘူးလို့” မြို့နယ် Covid-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းထိုက်က ပြောသည်။
တောင်ကြီးမြို့နယ် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၄) ရက်နေ့က အဖွဲ့ဝင်(၁၄၅)ဦးဖြင့် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီ၊ ကျန်းမာရေးအထောက်အကူပြုအဖွဲ့၊ စားနပ်ရိက္ခာ အထောက်အကူပြုအဖွဲ့၊ နေရာချထားရေး အထောက်အကူပြုအဖွဲ့၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း အထောက်အကူပြုအဖွဲ့၊ သတင်းနှင့် ပြန်ကြားရေး အထောက်အကူပြုအဖွဲ့၊ ပြန်လည်ထူထောင်ရေး အထောက်အကူပြုအဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေး အထောက်အကူပြုအဖွဲ့ စုစုပေါင်း(၈)ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


