တောင်ကြီး ၂၃ ဇွန်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်များအတွင်း အစေ့ထုတ်ပြောင်း သီးနှံဖျက်ပိုးဖြစ်သည့် ငမြောင်တောင်ပိုး ကျရောက်မှုမှာ ယခုနှစ်တွင် ယမန်နှစ်ထက်ပိုမိုကျရောက်သော်လည်း ကြိုတင်ကာကွယ် နှိမ်နင်းနိုင်ခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

 

04

 

ရှမ်းပြည်နယ်တောင်ပိုင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းထက် အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုတွင် အနည်းငယ် နည်းပါးသော်လည်း ဒေသတွင်း ဒုတိယအများဆုံးစိုက်ပျိုးနိုင်သည့် အရပ်ဒေသဖြစ်သည်။ ယခုနှစ်တွင် ငမြောင်တောင်ပိုး ကျရောက်မှုများသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားနေခြင်းကိုလည်း မြင်တွေ့ရသည်။ သို့သော် နှိမ်နင်းမှုအားကောင်းထားသဖြင့် အသာစီးရနေကြောင်း၊ တောင်သူများ စိုးရိမ်ဖွယ်မရှိကြောင်း သတင်းအဖွဲ့သားများအား ရှမ်းပြည်နယ် စိုက်ပျိုးရေးသီးစီးဌာန၊ သီးနှံကာကွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

ငမြောင်တောင်ပိုးအမျိုးအစားသည် မြန်မာနိုင်ငံအတွင်းရှိ မျိုးစိတ်မဟုတ်ဘဲ ၂၀၁၈ ဒီဇင်ဘာလအတွင်းကမှ  အိမ်နီးချင်းနိုင်ငံများကတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။ သီးနှံအမျိုးအစား ပေါင်း ၈၀ ကျော်ကို ဖျက်ဆီးစားသောက်တတ်ပြီး အဓိကအားဖြင့် ပြောင်းသီးနှံကို စားသောက်ဖျက်ဆီးသည့် သီးနှံဖျက်ပိုးအမျိုးအစားဖြစ်ကြောင်း ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုတိယဦး စီးမှူး ဦးကျော်ထက်အောင်ထံမှ သိရှိရသည်။

“ငမြောင်တောင်ပိုးက ဖျက်ဆီးမှုနှုန်းလည်း အလွန်မြန်ဆန်ပါတယ်။ တစ်ခင်းနဲ့တစ်ခင်းကို လျင်လျင်မြန်မြန် ကူးသွားပြီး ပွားများလာပါတယ်။ လောက်ကောင်အဆင့်မှာတော့ နှိမ်နင်းဖို့ လွယ်ကူပါတယ်။ ပျံသန်းနိုင်တဲ့ ပိုးကောင်အဆင့်ကို ရောက်လာပြီဆိုရင်တော့ တော်တော်လေးကို နှိမ်နင်းနိုင်ဖို့ခဲယဉ်းသွားပါတယ်။ တစ်ညကို ကီလိုမီတာ ၆၀ ကျော် (မိုင်ပေါင်း ၃၀ )ကျော်လောက်ကို သူက ပျံသန်းနိုင်ပါတယ်။ ဒါကြောင့် ဘယ်နေရာကို ငမြောင်တောင်ပိုးကျရောက်မယ်ဆိုတာကို ခန့်မှန်းရတာလည်း အတော်လေးခက်ခဲတယ်”ဟု ငမြောင်တောင်ပိုး၏ အန္တရာယ်အကြောင်းကို ဦးကျော်ထက်အောင်က ရှင်းပြသည်။

ရှမ်းပြည်နယ်တွင် ၂၀၁၈ ခုနှစ်က စိုက်ပျိုးဧက ခြောက်သိန်းကျော်ခန့်ရှိပြီး ငမြောင်တောင်ပိုး ကျရောက်မှုမှာ ၂၆၅ ဧက ရှိခဲ့သည်။ သို့သော် ယခုနှစ် စိုက်ပျိုးရာသီအစကာလတွင်ပင် စိုက်ပျိုးဧက ရှစ်သောင်းကျော် စတင်စိုက်ပျိုးခဲ့ကာ ဧက တစ်သောင်းခန့်မှာ ငမြောင်တောင်ပိုးကျရောက်မှုကို ကြုံတွေ့ခဲ့ရသည့်အတွက် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အဆများစွာ သီးနှံဖျက်ပိုးကျရောက်မှုအန္တရာယ် ကြုံတွေ့ခဲ့ရသည်ကို မြင်တွေ့ရသည်။

“အရင်နှစ်ကထက်ကို အဆများစွာ ငမြောင်တောင်ပိုးအန္တရာယ်နဲ့ ကြုံရပါတယ်။ ပိုးကျတဲ့ဒေသတွေကတော့ ရပ်စောက်၊ အင်တော၊ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ မြို့နယ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနက ဆေးဖျန်းပုံးတွေ၊ ဝတ်စုံတွေ၊ ဆေးရည်တွေ၊ တမာကြိတ်ဖတ်တွေ၊ တမာဆီတွေနဲ့ ပိုးသတ်ဆေးတွေကို ထောက်ပံ့ပေးပါတယ်။ လိုအပ်တဲ့ နည်းပညာတွေကိုလည်း ကူညီထောက်ပံ့ထားပါတယ်။ ဒါ့အပြင် ငမြောင်တောင်ပိုးနဲ့ ပတ်သက်ပြီးတော့လည်း အသိပညာပေးဟောပြောတာတွေကို အတော်လေး လုပ်ဆောင်ခဲ့တဲ့အတွက် ပိုးကျရောက်သော်လည်း ကြိုတင်ကာကွယ်နှိမ်နင်းနိုင်ခဲ့တဲ့အတွက် ထိခိုက်ပျက်ဆီးမှုကို အတတ်နိုင်ဆုံးတော့ လျှော့ချနိုင်တာဖြစ်ပါတယ်”ဟု ဦးကျော်ထက်အောင်က ဆက်လက်ပြောကြားသည်။

ရှမ်း(ပြန်/ဆက်)သတင်းအဖွဲ့